လွတ်လပ်ရေးနေ့ကာလက ဖမ်းသွားတဲ့ အဖွဲ့ချုပ်လူငယ်တွေ အချုပ်ခန်းမှာ ရောက်နေ

၁၂.၀၁.၂၀၀၈

အဖမ်းခံထားရတဲ့ လူငယ် ၆ ဦးကို စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရဲစခန်းတချို့မှာ ချုပ်ထားတာဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မတိုင်ခင်ညက အဖမ်းခံရသူ လူငယ်တွေဟာ တောင်ဒဂုံက NLD လူငယ် မထက်ထက်အောင်၊ ဒေါပုံမြို့နယ်က ကိုကျော်ကျော်လင်း၊ ကိုကိုအောင်နဲ့ ကိုကျော်ဇင်ဝင်း တို့ဖြစ်ကြပြီး လွတ်လပ်ရေးနေ့နောက်ပိုင်းမှာ အဖမ်းခံရသူတွေက ဒေါပုံမြို့နယ်က ကိုနေဇာမျိုးဝင်းနဲ့ ကိုဟန်စိုးတို့ ဖြစ်ပါတယ်။

အဖမ်းခံရသူ အားလုံးကို ညဘက်ပိုင်းတွေမှာ နေအိမ်တွေကနေ လာရောက်ခေါ်ဆောင်သွား တာဖြစ်ပြီး ရန်ကုန်တိုင်းပြည်သူ့ရဲတပ်ဖွဲ့က ဖြစ်ကြောင်းပြောတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားမယ် ဆိုတာကိုတော့ မပြောဘူးလို့ သိရပါတယ်။ အဖမ်းခံရသူ မထက်ထက်အောင်ရဲ့ မိခင်အဆိုအရ မိမိသမီးကို မေးစရာရှိလို့ ရပ်ကွက်ရုံးကို ခဏလိုက်ခဲ့ပါလို့ပြောပြီး ခေါ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါပုံမြို့နယ်က အဖမ်းခံရသူတွေရဲ့ မိသားစုတွေကတော့ ဖမ်းသွားတဲ့ညက သူတို့ကို ရဲချုပ်ရုံးမှာ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရတဲ့သတင်းတွေအရ ဖမ်းထားသူတွေကို ရဲအချုပ်တွေကို ပြန်ပို့လိုက်ပြီး သူတို့ကို စွဲချက်တင်သင့်၊ မတင်သင့် အထက်အမိန့်ကို စောင့်နေတာ ဖြစ်တယ်လို့ ရဲစခန်းတွေက သတင်းရကြောင်း မိသားစုဝင်တွေက ပြောကြောင်း သတင်းရရှိပါသည်။