ကလေးစစ်သား သုံးသောနိုင်ငံများကို အရေးယူရန် ဘန်ကီမွန်းတောင်းဆို

၃၀.၀၁.၂၀၀၈

ကလေး စစ်သားစုဆောင်းခိုင်းစေတာတွေ လုပ်နေတဲ့နိုင်ငံတွေကို ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ လုံခြုံရေး ကောင်စီကိုတင်တဲ့ အစီရင်ခံစာမှာ အနည်းဆုံး ၁၂ နိုင်ငံလောက်ဟာ ကလေးစစ်သားတွေ အသုံးပြုနေတဲ့အတွက် အဲဒီနိုင်ငံတွေက စစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့စည်းတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

ကွန်ဂို၊ ယူဂန်ဒါနိုင်ငံတွေကစပြီး သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေအထိ အာဖရိကနဲ့ အာရှ တိုင်းပြည်တွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋ္ဋိပက္ခတွေမှာ ကလေးစစ်သားတွေ အသုံးပြုနေပါတယ်လို့ သူ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးနဲ့ ခရီးသွားတာတွေ တားမြစ်ပိတ်ပင်ထားပြီး စစ်ရေးအကူအညီနဲ့ စစ်လက်နက်ပစ္စည်းတွေ ပိတ်ဆို့ထားဖို့ လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားသင့်တယ်လို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကပြောပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေကို စစ်ပွဲပဋ္ဋိပက္ခတွေမှာ သုံးနေတာကို အရေးယူဖို့ သဟိတ်မြို့မှာ အခြေစိုက်ထားတဲ့ International Criminal Court ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးကို တင်သင့်တယ်လို့လည်း သူကပြောပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ခန့်မှန်းခြေအရ ကမ္ဘာတ၀န်း ကလေးစစ်သားသုံးစွဲမှု ၂ သိန်းခန့်လောက် ရှိတယ်လို့ဆိုပါတယ်။ တခြားကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကလေးစစ်သားသုံးစွဲမှု ကိန်းဂဏန်းဟာ အတိအကျပြောနိုင်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

ကလေးစစ်သားသုံးစွဲခဲ့တဲ့ ကွန်ဂိုလက်နက်ကိုင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်ကိုလည်း ICC နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးက စွဲချက်တင်ခဲ့ပါတယ်။