စစ်မှန်သောနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ရန် ဗြိတိန်က စစ်အစိုးရကို တိုက်တွန်း
၂၉.၀၂.၂၀၀၈
စစ်အစိုးရ
ကျင်ပဖို့ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို
ဝင်ရောက်ပါဝင်ခွင့်ပေးဖို့ ဗြိတိန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲဖေါ်ဆောင်ရာမှာ စစ်အစိုးရအနေနဲ့ တနေ့တခြား ပြင်းထန်လာတဲ့ နိုင်ငံတကာဖိအားတွေကို လျော့ပါးအောင် ဟန်ဆောင်ပန်ဆောင် လုပ်ပြတာထက် စစ်မှန်တဲ့ လုပ်ဆောင်ချက်ဖြစ်ဖို့ လိုအပ်တယ်လို့ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဌာန ထိပ်တန်းအရာရှိ မစ္စတာ မဂ်မန်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း ဖိနှိပ်အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရကို ဒီမိုကရေစီ ဖေါ်ဆောင်ရေးလုပ်လားအောင် တွန်းအားပေးကူညီသွားကြဖို့ကိုလည်း မစ္စတာ မဂ်မန်းက တိုက်တွန်းပြောဆိုပါတယ်။
ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ စစ်အစိုးရအုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တာမို့ မြန်မာနိုင်ငံအတွက် စံနမူနာယူ စရာ နိုင်ငံတွေ ဖြစ်ကြောင်း မြန်မာနိုင်ငံမှာလည်း ဒီနည်းအတိုင်း စစ်အစိုးရအုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားတာကို မိမိတို့အနေနဲ့ မြင်တွေ့လိုကြောင်း ပြောပါတယ်။
ဒီတောအတွင်း တရုတ်ပြည်ကို ရောက်နေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒေးဗစ်မီလီဘန်က တရုတ်အစိုးရနေနဲ့ မြန်မာနဲ့ ဆူဒန်တို့်လို ဆိုးသွမ်းတဲ့ ပြဿနာ နိုင်ငံတွေကို ဖိအားပေးဖို့ စိုးရိမ်နေစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
နိုင်ငံတကာက မက်လုံးပေးပြီး စုပေါင်းဖြေရှင်းတဲ့နည်းနဲ့ အလုပ်မဖြစ်ဘူးဆိုရင်၊ ဖိအားပေးတဲ့နည်းကို သုံးသွားရမှာဖြစ်ကြောင်း၊ မတည်ငြိမ်တဲ့နိုင်ငံ၊ ဒါမှမဟုတ် ကိုယ့်ပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းလိုစိတ်မရှိတဲ့နိုင်ငံ၊ ဒေသတွင်းတည်ငြိမ်မှုကို စိုးရိမ်ရတဲ့ နိုင်ငံအတွက် အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတွေအတူတကွ လက်တွဲပြီး ကြားဝင်ဖြေရှင်းပေးနိုင်ဖို့ အတွက်လည်း ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပီကင်းတက္ကသိုလ်က တရုတ်ကျောင်းသားတွေနဲ့ ဖေဖေါ်ဝါရီ ၂၉ ရက် ဒီကနေ့ တွေ့ဆုံရာမှာ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒေးဗစ် မီလီဘန်က ပြောသွားပါတယ်။