စစ်အစိုးရ ကြေညာချက် ဗြိတိန်နိုင်ငံက တုန့်ပြန်ဝေဖန်

၁၀.၀၂.၂၀၀၈

ပြည်သူ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေကို မြန်မာပြည်မှာ ပြုလုပ်မယ်လို့ စစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် ဗြိတိန်နိုင်ငံက ထိန်းထိန်းသိမ်းသိန်းနဲ့ တုန့်ပြန် ဝေဖန်လိုက်ပါတယ်။

စစ်အစိုးရက သူတို့အနေနဲ့ အခြေခံဥပဒေကို ထောက်ခံတဲ့ လူထုဆန္ဒခံယူပွဲကို အခုနှစ် မေလမှာ ကျင်းပမှာဖြစ်ပြီး ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ကျင်းပပေးမယ်လို့ စစ်အစိုးရက ကြေညာချက်ကို တုံ့ပြန်ရာမှာ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အတွက်ဆိုရင် ပါတီစုံပါဝင်တဲ့ အစီအစဉ်ဖြစ်ရမယ်လို့ ဆိုပါတယ်။

သူမဟာ ဒီကြေညာချက်နဲပပါတ်သက်ပြီး အံ့အားသင့်ခဲ့ရကြောင်းနဲ့ အထူးသဖြင့် စစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်း နောက်ဆုံးထွက်ပေါ်လာချက်ကို ဘယ်သူမှ မမြင်မတွေ့ရသေးပဲ ခုလိုဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်လိုက်တာကြောင့် ဖြစ်ကြောင်း အဲဒီအမျိုးသမီးက ဆိုပါတယ်။

ဆက်လက်ပြီး သူမက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဒီအခြေခံဥပဒေ ရေးဆွဲရာမှာရော၊ ရွေးကောက်ပွဲ လုပ်နည်းလုပ်ဟန်တွေမှာပါ ဆွေးနွေးလုပ်ကိုင်ခွင့် ဘာမှမရခဲ့ကြဘူးလို့ ပြောကြားခဲ့ပါတယ်။

အထိမ်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်စုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို စစ်အစိုးရအနေနဲ့ အမြန်ဆုံးလွှတ်ပေးသင့်ပြီး အဲဒီလူတွေ အတူတကွ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးအတွက် ပူးပေါင်းလုပ်ဆောင် စေသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခွင့်ပေးခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီးဌာနပြောခွင့်ရ အမျိုးသမီးက ပြောကြားသွားပါတယ်။