မြန်မာ့အရေး ဦးစားပေးဆွေးနွေးစရာဖြစ်ကြောင်း သုံးနိုင်ငံ ပူးတွဲကြေညာချက်ထုတ်

၂၅.၀၁.၂၀၀၈

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့မှာ ကျင်းပနေတဲ့ World Economic Forum ခေါ် ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စဟာ ဦးစားပေး ဆွေးနွေးစရာကိစ္စဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပြီး မြန်မာစစ်အစိုးရအနေနဲ့ ကိုယ့်ပြည်သူတွေရဲ့ လူ့အခွင့်ရေးတွေအပေါ် လေးစားသမှု ရှိလာအောင် ၀ိုင်းဝန်းပူးပေါင်းဖိအားပေးကြဖို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်စ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒေးဗစ်မီလီဗန်းနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘားနဒ်ကော့ခ်ျနာတို့ ပူးတွဲထုတ်ပြန်လိုက်ကြတာပါ။

ဆွစ်ဇာလန်က တောင်စခန်းမြို့ ဒိုဗို့စ်မှာ နှစ်စဉ်ကျင်ပမြဲဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲကို ဇန္န၀ါရီ ၂၃ ရက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာဖြစ်ပြီး (၅) ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲဟာ အရေးကြီးတဲ့ နိုင်ငံတကာဆွေးနွေးပွဲတွေထဲမှာ တခုအပါအ၀င်ဖြစ်ပါတယ်။ ကမ္ဘာတ၀န်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ စတဲ့ နယ်ပယ်စုံက ဆိုင်ရာဆိုင်ရာ ခေါင်းဆောင်တွေ တက်ရောက်ကြတာပါ။ ဒီနှစ်မှာ နယ်ပယ်စုံက ခေါင်းဆောင်ပေါင်း ၂၅၀၀ တက်ရောက်ကြပါတယ်။

ဒါဗို့စ်ဆွေးနွေးပွဲမှာ အခုလို နိုင်ငံကြီးသုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေပူးတွဲပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ကြေညာချက်ထုတ်ပြန်တောင်းဆိုတာမျိုးဟာ ထူခြားတယ်လို့ အေပီသတင်းကဆိုပါတယ်။ အဲဒီကြေညာချက်ထဲမှာလည်း ဘယ်ဆွေးနွေးပွဲမှ ကမ္ဘာ့နယ်ပယ်ပေါင်းစုံက ခေါင်းဆောင်တွေ အခုလောက် များများပါဝင်တာမျိုး မရှိတဲ့အတွက် ဒါဗို့စ်ဆွေးနွေးပွဲဟာ တမူထူးခြားကြောင်း စတင်ပြောဆိုထားပါတယ်။

နှစ်သုံးဆယ်ကျော် နှစ်စဉ်ကျင်းပလာခဲ့တဲ့ ဒါဗို့စ်ဆွေးနွေးပွဲဟာ ကမ္ဘာ့နိုင်ငံအားလုံးအတွက် အလေးထားရမဲ့ နိုင်ငံတကာပြဿနာတွေကို အတူပူပေါင်း ကိုင်တွယ်ဆောင်ရွက်ကြဖို့ လမ်းခင်းပေးတာဖြစ်တယ်လို့ ဖေါ်ပြလိုက်ပြီး အဲဒီဦးစားပေးပြဿနာတွေထဲက တခုကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ပြောင်းလဲရေးတိုးတက်လာဖို့ အရေးတကြီးလိုအပ်နေတဲ့ကိစ္စပါဘဲလို့ ပြောဆိုလိုက်ပါတယ်။ အဲဒါအပြင် တခြားပြဿနာတွေထဲကနေ မြန်မာ့ပြဿနာကို ရွေးချယ်ပြီး ကြေညာချက် ထုတ်ပြန်ရတာကတော့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ မြန်မာပြည်သူတွေကို ကိုယ်ရောစိတ်ပါ ဆက်လက်ကူညီဖို့၊ ငြိမ်းချမ်းသာယာပြီး စည်ပင်ဝပြောတဲ့ ဒီမိုကရေစီအနာဂတ်ကို မြန်မာပြည်သူတွေ ရရှိနိုင်ရေးအတွက် ကမ္ဘာ့အစိုးရတွေရဲ့ စွမ်းပကားကို မီးမောင်းထိုးပြဖို့ပါပဲလို့လည်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်အစိုးရကို ဆောင်ရွက်ဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပြီး စစ်အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ ကုလသမဂ္ဂနဲ့ အပြည်အ၀ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ စီးပွားရေး၊ လူသားချင်းစာနာရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတဲ့အချက် သုံးချက်ကိုလည်း အခုထိမဆောင်ရွက်သေးကြောင်း၊ စစ်အစိုးရက လမ်းပြမြေပုံ (၇)ချက် သွားနေတယ်ဆိုပေမဲ့ (၁၄)နှစ် ကြာနေပြီ ဖြစ်ကြောင်း၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကသာလျှင် အမျိုးသားရင်ကြားစေ့ရေး၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် တည်ငြိမ်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအ၀၀ကို စစ်အစိုးရက လက်ပိုက်ကြည့်နေပေမဲ့ ကမ္ဘက ကြည့်မနေဘူးဆိုတာ အခု ဒါဗို့စ်ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ပြသကြဖို့ တိုက်တွန်းပါကြောင်း၊ ကလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို အမြန်ဆုံး ထပ်မံသွားရောက်ရေးကို အားပေးစေချင်ကြောင်း၊ မြန်မာ့ဒုက္ခကို လျစ်လျူရှုနေမယ်ဆိုရင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မိမိတို့ထားရှိတဲ့ တန်ဖိုးတွေနဲ့ လိုက်လျောညီထွေ မရှိသေးကြောင်း ဖေါ်ပြထားပါတယ်။

ဒီ ဒါဗို့စ်ဆွေးနွေးပွဲ သုံးနိုင်ငံပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ တွမ်ကေစီက ပြောကြားရာမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် သုံးနိုင်ငံဆွေးနွေးရာကနေ ဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ အထူးအာရုံစိုက်ရမဲ့ ကိစ္စလည်းဖြစ်ပါတယ်၊ ဒါဗို့စ်မှာ မင်းပေါင်းစုံနေတဲ့ အချိန်ဖြစ်လို့ မြန်မာ့အရေး လူတွေကိုသတိပေးလို့ကောင်းတဲ့ အခွင့်ကောင်းတရပ်ဖြစ်ပြီး ကမ္ဘာက လိုချင်တာတွေ အတွက် စစ်အစိုးရ ကို ဖိအားပေးဖို့ကောင်တဲ့ အချိန်ဖြစ်ပါတယ်လို့ အမေရကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ တွမ်ကေစီ ပြောပြသွားတာဖြစ်ပါတယ်။