ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုပေးတဲ့ သတင်းစကား

၁၅.၀၂.၂၀၀၈
"စုပေါင်းလုပ်မှသာ အကျိုးရှိနိုင်မယ်" လို့ ရေးသားထားတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တခု မကြာခင် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝမှာ ချိတ်ဆွဲထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပြကြပါတယ်။ ဒိအရင်က "ဒီမိုကရေစီ ၀ါဒသာလျှင် လွတ်လပ်ရေးနဲ့ ဆီလျော်သည်" ဆိုတဲ့ စာတမ်းကို ချိတ်ဆွဲထားတာပါ။ အခု ရေးသားထားတဲ့ စာတမ်းဟာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုပေးတဲ့ သတင်းစကား ဖြစ်နိုင်တယ်လို့ အင်အယ်ဒီပါတီက ထင်မြင်ချက်ပေးပါတယ်။ ဒီစာကို အနီရောင် ဖျဉ်စပေါ်မှာ အ၀ါရောင် စာလုံးတွေနဲ့ ရေးသားထားပါတယ်။

ဒီစကားဟာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်၊ ပင်လုံညီလာခံ မတိုင်ခင် တရက်အလို ၁၉၄၇ခု၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ပြောခဲ့တာဖြစ်ပါတယ်။ စာတမ်းတင်ထားတဲ့ ပိတ်စရဲ့ထောင့်မှာ အနက်ရောင်စလုံးနဲ့ "ပင်လုံ၊ ၁၁ ရက် ၂လ ၁၉၄၇ ခု" လို့ ရေးထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်ကိုတော့ အဖြူရောင်စာလုံးနဲ့ ရေးထားတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီစာတမ်းဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားတဲ့ စာဖြစ်နိုင်တယ်လို့လည်း အင်အယ်လ်ဒီပါတီက ပြောပါတယ်။