လူ့တိရိစ္ဆာန်ကို တွေ့ရှိခြင်း
မင်းကျော်ကျော်ထွန်း(မော်လမြိုင်)
လှောင်အိမ်ထဲက ကြက်တွေ
တကောင်ခေါင်း တကောင်ဆိတ်
အတိတ်ပစ္စုပ္ပန် အနာဂတ်မသိ
ကြီးနိုင်ငယ်ညှင်း ရန်လိုခြင်းက
တိရိစ္ဆာန်သဘာဝ မာန်တွေပြ။
ထန်ဟင် "Camp" က ဇုံဖိုး (zone 4)
လူသားမျိုးနွယ်တွေ စုပုံထည့်
သစ်လုံးကာ စည်းရိုးထဲခြံခတ်
နေ့နေ့ညည လူစစ်
စည်းကမ်းချက်များစွာနဲ့ ချည်နှောင်
လူသားတွေကို
လှောင်ထားသည့် အချုပ်ထောင်။
တဦးအပေါ် တဦး
မေတ္တာထားမလား မစဉ်းစား
အတ္တရှေ့ထား အနိုင်လိုချင်ကြ
ရန်လိုဟန် ပြကာ
ခြင်းထဲက ကြက်တွေလို
တကောင်ခေါင်း တကောင်ဆိတ်
အတွင်းစိတ် အကောက်ဥာဏ်နက်
ဘိန်းစား အတူတူ
ပိုရှူရန် စဉ်းစား
ကြီးနိုင်ငယ်ညှင်း
အကောက်ကြံခြင်းက
တိရိစ္ဆာန် သဘာဝ
ဟန်တွေပြ၍
လူ့စိတ် ကွယ်ပျောက်ခြင်း ပေတကား။
မင်းကျောာ်ကျော်ထွန်း (မော်လမြိုင်)
" လူ့တိရိစ္ဆာန်ကို တွေ့ရှိခြင်း " ကဗျာ ရေးဖြစ်ခဲ့ရတဲ့ အကြောင်း
Htum Him (POCs) Refugee Camp ထဲကို ၂၀၀၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ကျနော်ရောက်ခဲ့ပါတယ်။ ဒီကဗျာက ၁၈.၄.၂၀၀၅ မှာရေးတာပါ။
လူတွေဟာ အားငယ်စိတ်တွေနဲ့ ဒုက္ခသည် Camp ထဲကို ရောက်ကြရတယ်။ တဦးနဲ့တဦး အားကိုးတွေ ရှာကြတယ်။ ကျနော်လည်းပါတယ်။ အားကိုးရှာတယ်။ ဒါပေမဲ့ အကျင့်မပျောက် အောက်တန်းကျသူတချို့ အစုလိုက်အပြုံလိုက် စုသွားကြတာ တွေရတယ်။ လူတွေကို ကူညီဖို့ မစဉ်းစားဘူး။ သူတို့အစဉ်ပြေရင်ပြီးရော၊ သူတို့ကောင်ရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်တွေနဲ့ စုဖွဲ့သွားကြပြီး အများအကျိုးကို မကြည့်တဲ့ စုစည်းမှု လုပ်ရပ်တချို့ကို တွေ့လိုက်ရတယ်။
တကယ်တော့ Camp commander နဲ့ ထိုင်းအာဏာပိုင် မြို့နယ်ရဲအရာရှိ ကိုယ်တိုင်က မိန့်ခွန်းလာချွေသွားတဲ့ဆီမှာ " မင်းတို့အားလုံးဟာ SDC မှာ လက်မှတ်ထိုးပြီး ကတည်းက SDC မှာနေပြီး အဲဒီကနေ ထွက်ရမှာ၊ အဲဒီမှာ နေရာမဆန့်လို့ ဒီကိုပို့ထားတာ " ဆိုပြီး ပြတ်ပြတ်ဘဲ ပြောသွားတယ်။
" အချုပ်သားတွေလို့" စကားလုံး တိုက်ရိုက်မသုံးလိုက်သော်လည်းဘဲ " အချုပ်သားတွေ " လို့ ပြောလိုက်တာနဲ့ အတူတူဘဲ။ စည်းကမ်းချက်များစွာကို ဖတ်ပြတယ်။ ကျနော်တို့အတွက် ဘာလူ့အခွင့်ရေးမှ မရှိတဲ့ စည်းကမ်းချက်တွေပေါ့။ ချုပ်နှောင်ထားတဲ့ စည်းကမ်းချက်တွေ။ " သစ်လုံးတွေ ကာထားတဲ့ အချုပ်ထောင်ထဲ နေလိုက်ရပြီ " ဆိုတာ ကျနော်နားလည်လိုက်တယ်။
ဒီတော့ လူတွေ၊ အချုပ်သားတွေ အချင်းချင်း၊ မိမိလူမျိုး တိုင်းရင်သားတွေ အချင်းချင်း ညီညွတ်ကြရမဲ့အစား ငတေမာပြီးရော့ စိတ်ဓာတ်မွေးသူတွေကို တွေ့လိုက်ရတော့ " လူစိတ်မရှိကြသူတွေပါလား " လို့ တွေးဝင်လာခဲ့တယ်။ " လူ့ တိရိစ္ဆာန်တွေပါလား " လို့ မြင်လာခဲ့တယ်။ အဲဒီ အတွေးအမြင်ကို အခြေခံပြီး " လူ့တိရိစ္ဆာန်ကို တွေ့ရှိခြင်း " ဆိုတဲ့ ကဗျာကို ကျနော်ခံစား ရေးဖွဲ့ခဲ့ပါတယ်။ ကဲ ပြန်လည်ခံစား ဖတ်ကြည့်လိုက်ကြပါစို့။
မင်းကျော်ကျော်ထွန်း(မော်လမြိုင်)