မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး
၂၆.၀၁.၂၀၀၈
မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ မြန်မာ့အရေး ဆွေးနွေးဖို့
အိန္ဒိယနဲ့ တရုတ်ပြည်တွေကို မသွားမီ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မစ္စတာ ဂမ်ဘာရီဟာ ဥရောပ သမဂ္ဂခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ ဇန္န၀ါရီလ ၂၅ ရက်နေ့က ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ အမျိုးသမီက ပြောဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ ဟာဗီယာဆိုလားနား၊ အီးယူ ပြင်ပ ဆက်ဆံရေး မဟာမင်းကြီး မစ္စတာ ဘနီတာဖာရီရို ၀ယ်ဒန်နာနဲ့ အခြားအဆင့်မြင့် အရာရှိတွေကို မစ္စတာ ဂမ်ဘာရီ တွေ့ဆုံခဲ့ပါတယ်။
အခုလိုအီးယူ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးရင် မစ္စတာ ဂမ်ဘာရီဟာ မြန်မာ့အရေး ဆွေးနွေးဖို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ကို ဇန္န၀ါရီလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ သွားရောက်ပြီး အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိကြောင်းကိုလည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ္စ မာရီ အိုကာဘီက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးကနေ မြန်မာနိုင်ငံကိစ္စကို ဆောင်ရွက်ဖို့ အာဏာလွှဲအပ်ထားတဲ့ မစ္စတာ ဂမ်ဘာရီဟာ မြန်မာ့ရေးကို စိတ်ဝင်စားပြီး အရေးပါတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို ဆက်တိုက်လိုက်လံ တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်လို့ သူက ပြောသွားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက သံဃာတော်တွေ ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဆန္ဒပြခဲ့တာကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေပြီးတဲ့နောက် မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ၂ ခေါက် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
အခုအခါ တတိယ အကြိမ် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ သူက ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ စနစ် ကူးပြောင်းရေးတွေကို စစ်အစိုးရဆောင်ရွက်ဖို့၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကို တောင်းဆိုသွားမှာဖြစ်ပါတယ်။