မစၥတာ ဂမ္ဘာရီ မတ်လတွင် မြန်မာနိုင်ငံလာခွင့်ပြုရန် စစ်အစိုးရသဘောတူ
၂၁.၀၂.၂၀၀၈
မြန်မာနိုင်ငံကို
နောက်ထပ်တကြိမ်သွားဖို့ ကြိုးစားနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ
ဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို ဧပြီလလယ်လောက်မှ လာရောက် နိုင်မယ်လို့ စစ်အစိုးရက
ပြောခဲ့ပေမဲ့ အခုတော့ မတ်လ အစောပိုင်းမှာ လာရောက်ဖို့ စစ်အစိုးရက သဘောတူလိုက်ပါပြီ။
မြန်မာ့အရေးကိစ္စအတွက် တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိ နေတဲ့ မစ္စတာ ဂမ်ဘာရီဟာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟတ်ဆန် ၀ီရာယူဒါနဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ဒီကနေ့ ကြာသပတေး နေ့မှာတွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံကို လာမဲ့ မတ်လ ပထမပတ်ထဲမှာ သွားမယ်လို့ ပြောလိုက်ပါတယ်။
စစ်အစိုးရက ဗြုန်းစားကြီး ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ကန့်သတ်တားဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူ့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးမဲ့ကိစ္စတွေထဲမှာ ဒီကိစ္စလည်းပါပါတယ်လို့ မစ္စတာဂမ်ဘာရီက ဖြေကြားခဲ့ပါတယ်။ ကျနော်တို့အတွက် အရေးကြီးတာကတော့ မြန်မာ့ အခြေခံဥပဒေကိစ္စကို အများလက်ခံနိုင်အောင် လုပ်ဖို့နဲ့ အများပါဝင်နိုင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်ပေါ်ဖို့ပါပဲ၊ ဒီအတွက်မြန်မာစစ်အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းဝန်းတို့်နဲ့ အတူပူးပေါင်းဆောင်ရွက် အလုပ်လုပ်ကြဖို့ပါ လို့ မစ္စတာဂမ်ဘာရီက ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကလည်း အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်နေဆဲပဲဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ ပြောဆိုမသွားခဲ့ပါဘူး။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှာနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားရာမှာ မြန်မာ့ လက်ရှိအရေးကိစ္စနဲ့ပတ်သက်ပြီး မစ္စတာဂမ်ဘာရီက အင်ဒိုနီးရှားရဲ့ အမြင်သဘောထားနဲ့ အကြံဥာဏ်တွေကို ရယူဖို့၊ သူ့ရဲ့ မြန်မာ့အရေးကြိုးပမ်းမှုကို အားပေးထောက်ခံဖို့ ပြောဆိုခဲ့ပါတယ်၊ အင်ဒိုနီးရှားကလည်း မစ္စတာဂမ်ဘာရီကို ပံ့ပိုးကူညီသွားမှာပါလို့ ပြောသွားခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ သောကြာနေ့မှာ အင်ဒိုနီးရှားသမတ ဆပ်ဆီလို ယူဒိုယိုနို နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ ဒေါက်တာ ဆူဆီလိုကလည်း အင်ဒိုနီးရှားဟာ စစ်အာဏာရှင်ကနေ ဒီမိုကရေစီကို ကျော်လွှားပြောင်းလဲခဲ့တာဖြစ်လို့ မြန်မာ့အရေးမှာ အင်ဒိုနီးရှားရဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
အခုလို မစ္စတာဂမ်ဘာရီ ကို မြန်မာစစ်အစိုးရက လာရောက်ခွင့်ပြုလိုက်တဲ့အပေါ် ထိုင်းနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် မတ်လအစောပိုင်းမှာ သွားရောက်မဲ့ကိစ္စကို ထောက်ခံပါကြောင်း၊ ဒါဟာ ကောင်းတဲ့အလားအလာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ နော့ပါဒွန် ပတ်တမာက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ကန့်သတ်ထားတဲ့ စစ်အစိုးရရဲ့အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုထားပါတယ်။
မစ္စတာဂမ်ဘာရီဟာ အင်ဒိုနီးရှားကနေ စင်္ကာပူ၊ အဲဒီကမှ ဂျပန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒီခရီးဟာ မစ္စတာဂမ်ဘာရီရဲ့ ဒုတိယအကြိမ် ဒေသတွင်း လှည့်လည်ပြီး မြန်မာ့အရေးတိုင်ပင် ဆွေးနွေးရေးခရီးစဉ်ပါလို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ဆိုပါတယ်။