ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ လှုပ်ရှားမှု ရန်ကုန်တက္ကသိုလ်များတွင် ပြုလုပ်
၀၄.၀၂.၂၀၀၈
လာမဲ့
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြို အဖြစ်၊
ရန်ကုန်တက္ကသိုလ် နယ်မြေတွေအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရင်ထိုးတံဆိပ်တွေ
ဖြန့်ဝေတာတွေလုပ်နေတယ်လို့ သတင်းရရှိပါသည်။
ဒီကနေ့ ရန်ကုန် တာဝ တက္ကသိုလ် နယ်မြေအတွင်းမှာ ပြုလုပ်သွားတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်အတွင်းက ဒဂုံတက္ကသိုလ်မှာ ပြုလုပ်သွားတယ်လို့ ကျောင်းသားတွေကပြောပြပါတယ်။
ကျောင်းသားများအနေနဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်မွေးတဲ့ ဒီလမှာ ရင်ထိုးတံဆိပ်တွေ၊ စီဒီခွေတွေကို တာဝ တက္ကသိုလ်မှာ အချင်းချင်း ဝေငှဖလှယ်ကြတဲ့အကြောင်း တာဝ တက္ကသိုလ်က ကျောင်းသားတဦးက ပြောပြပါတယ်။
ဒီလှုပ်ရှားမှုကို ဘယ်အဖွဲ့အစည်းကမှ ဦးစီးဆောင်ရွက်တာမဟုတ်ပဲ မိမိတို့ ကျောင်းသားတွေအနေနဲ့ အာဏာပိုင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်နဲ့ ဗိုလ်ချုပ်အကြောင်း မြန်မာပြည်သူလူထုအတွင်း မှေးမှိန်အောင် လုပ်နေတယ်လို့ ယူဆတာကြောင့် ကျောင်းသားအချင်းချင်း ညှိနှိုင်းပြီး ခုလိုဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဖေဖေါ်ဝါရီ ၄ ရက် ဒီကနေ့မနက်ပိုင်းက ရင်ထိုးတံဆိပ်နဲ့ စီဒီအခွေ ဝေတာကို တာဝ တက္ကသိုလ်မုခ်ဦးနားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချက်ခြင်းပဲ ကျောင်းက မော်ကွန်းထိန်းနဲ့ တကွ တာဝန်ရှိသူတွေ ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို မေးမြန်းခြင်း ရှာဖွေခြင်းတော့ မရှိဘူးလို့ သိရပါတယ်။