စစ်တပ်အတွက် သီးသန့် ဒီဇယ်ဆီတင်သွင်း
၁၉.၀၁.၂၀၀၈
စစ်အစိုးရက
ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဒီဇယ်ဆီတွေ တင်သွင်းခွင့်ကို မကြာခင်ကခွင့်ပြုခဲ့ပါတယ်။
ဒီအတောအတွင်း စစ်အစိုးရ ဒု ဗိုလ်ချုပ်ကြီး တယောက်က တပ်မတော်အတွက် အထူးသီးသန့်
သုံးစွဲဖို့ ဒီဇယ်ဆီတန်ချိန် ၅ ထောင်ကို ပြည်ပကနေ တင်သွင်ခဲ့ကြောင်း၊ အဲဒီ
ဒီဇယ်ဆီတွေဟာ ဒီရက်ပိုင်း အတွင်း ရန်ကုန်မြို့ကို ရောက်ရှိခဲ့ကြောင်း
သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့က UNFCCI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်ရှင်များ အသင်းမှာကျင်းပတဲ့ အစည်းအဝေးမှာ ပို့ကုန်၊ သွင်းကုန် ကော်မတီ ဥက္က္ထ္ထဌနဲ့သယ်ယူပို့ဆောင်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် သိန်းဆွေက ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြည်ပကနေ ဒီဇယ်ဆီတွေဝယ်ယူခွင့် ပြုတော့မယ်လို့ အသိပေးပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံခြားကနေ ဒီဇယ်ဆီ သွင်းယူခွင့်ကို မြန်မာ့ဦးပိုင်ကုမ္ပဏီ လိမိတက်နဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီတွေကပဲ ရရှိထားပါတယ်။ ဒီဇယ်ဆီတွေကို မြန်မာ့ဦးပိုင်က သွင်းနေတာ ၁၀နှစ်ရှိပြီး ထူးကုမ္ပဏီက နိုင်ငံခြားက တင်သွင်းနေတာကတော့ ပြီးခဲ့တဲ့ ၃ နှစ်က စတင်တဲ့ အကြောင်း သိရှိရသည်။
ဒီအတောအတွင်းစစ်အစိုးရ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ပြည်ပက ဒီဇယ်ဆီတန်ချိန် ၅ ထောင်ကို တပ်မတော်အတွက် သီးသန့်မှာယူ တင်သွင်းခဲ့ကြောင်းနဲ့ အဲဒီ ဒီဇယ်ဆီတွေဟာ ယခုအခါ ရန်ကုန်မြို့ ဆိပ်ကမ်းကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အခုတင်သွင်းတဲ့ ဒီဇယ်ဆီတွေဟာ စစ်အစိုးရက အဓိကထား တိုက်ခိုက်နေတဲ့ ကေအင်ယူလို အဖွဲ့မျိုးတွေကို စစ်ဆင်ရာမှာ အသုံးပြုလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာပြည်မှာ ပြည်တွင်း ဒီဇယ်လောင်စာဆီထုတ်လုပ်မှုဟာ နှစ်စဉ် ဂါလံ သန်း ၈၀ ကျော်ရှိပြီး မလောက်ငှတဲ့အတွက် ပြည်ပကနေ ဂါလံ သန်း ၃၃၀ ကျော် နှစ်စဉ် ၀ယ်ယူ တင်သွင်းနေရာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ကုန်ကျတယ်လို့ သိရပါတယ်။
လက်ရှိအနေအထားမှာ လောင်စာဆီတွေကို ခွဲတမ်းနဲ့ပေးတဲ့စနစ်ကို ဆက်လက် ကျင့်သုံးနေဦးမှာဖြစ်ပြီး ခွဲတမ်းလျော့ချမယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ စစ်အစိုးရ တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပါတယ်။ လောလောဆယ်ဆယ် ရန်ကုန်မှာ မော်တော်ယာဉ် တစီးအတွက် တနေ့ကို လောင်စာဆီ ၂ ဂါလံပဲ အစိုးရ ပေါက်ဈေးနဲ့ ရောင်းချပေး နေပါတယ်။