မြန်မာ့ရွေးကောက်ပွဲ ပွင်းလင်းပြီး ပြည့်စုံမှုရှိရန် အင်ဒိုနီးရှားသမတပြောဆို
၂၂.၀၂.၂၀၀၈
အင်ဒိုနီးရှားနိုင်ငံ
သမတကြီးနဲ့ မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အထူးသံ မစ္စတာ
ဂမ်ဘာရီ တွေ့ဆုံအပြီး သတင်းစာဆရာတွေကို မြန်မာစစ်အစိုးရ ထုတ်ပြန်ကြေညာထားတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်ကို ဆန္ဒခံယူပွဲ ပြုလုပ်မယ်ဆိုတာနဲ့ ၂၀၁၀ မှာ
ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်းပြီး ပါဝင်သင့် ပါဝင်ထိုက်တဲ့
အချက်အလက်တွေ အားလုံး ပါဝင်ဖို့ လိုတယ်လို့ အင်ဒိုနီးရှားနိုင်ငံက
ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားသမတကြီး မစ္စတာ စူစီလို ဘမ်လန် ယူဒိုယိုနိုက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံရာမှာ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ထောက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရရဲ့ အစီအစဉ်ဟာ ယုံကြည်စိတ်ချရတဲ့ အစီအစဉ်မျိုး ဖြစ်သင့်တယ်ဆိုတာ ပြောဆိုလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
မစ္စတာဂမ်ဘာရီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံအနေနဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်ချက်တွေကို အင်ဒိုနီးရှားနိုင်ငံက ပံ့ပိုးမှုတွေပေးဖို့ရယ် အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံရေးအပေါ် ရှုမြင်ချက်တွေကို ရယူဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က စစ်အစိုးရထုတ်ပြန်ခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင်တွေကို ရယူဖို့ ဖြစ်တယ်လို့ ပြောသွားပါတယ်။
အင်ဒိုနီးရှားသမတအနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ စာအဆက်အသွယ်တချို့ရှိကြောင်း ဒီဆက်သွယ်မှုကို မပျက်အောင်ဆက်ပြီး ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။ ဒီဆက်သွယ်မှုဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေက လွတ်မြောက်အောင် ကူညီမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်ဒိုနီးရှားသမတနဲ့ တွေ့ဆုံအပြီး မစ္စတာဂမ်ဘာရီကလည်း မြန်မာနိုင်ငံကို ခုတခေါက်သွားတဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုတဲ့ ကိစ္စကို စစ်အစိုးရကို မိမိအနေနဲ့ ဆွေးနွေးရမဲ့ ကိစ္စတခုဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံ ရွေးကောက်ပွဲ ဖြစ်သင့်ကြောင်း ပါတီစုံဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့ မှတ်ကျောက်တင်ရမဲ့ ခြေလှမ်း မျိုးဖြစ်သင့်တယ်လို့လည်း မစ္စတာဂမ်ဘာရီက ပြောသွားပါတယ်။