မြန်မာပြည်ထွက်ရတနာတွေ မ၀ယ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့နှိုးဆော်
၁၂.၀၁.၂၀၀၈
စစ်အစိုးရဟာ
တိုင်းပြည်ထွက်ရတနာတွေ ရောင်းရငွေတွေကို အသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေတာ
ဖြစ်တာကြောင့် မြန်မာပြည်ထွက် ပတ္တမြား နီလာနဲ့ ကျောက်စိမ်းတွေကို မ၀ယ်ယူကြဖို့
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဇန်န၀ါရီလ ၁၂ ရက်နေ့က နှိုးဆော်လိုက်ပါတယ်။
ဒီနှိုးဆော်ချက်ဟာ လာမဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့က ၁၉ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမဲ့ စီးပွားရေး ဦးပိုင်လီမီတက်ရဲ့ ရတနာလေလံတင်ပွဲ မကျင်းပခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဦးပိုင်လီမီတက်ဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်ပါတယ်။ ရတနာပြပွဲနဲ့ လေလံတင်ပွဲတွေကို ကျောက်မျက် ရတနာ ရောင်းဝယ်ရေးဌာနက တနှစ်ကို သုံးကြိမ်နဲ့ ဦးပိုင်လီမီတက်က တနှစ်ကို ၂ ကြိမ် ပြုလုပ်ရောင်းချနေတာဖြစ်ပါတယ်။
ရတနာတွေကို ရောင်းရငွေတွေဟာ ပြည်သူတွေကို ဖိနှိပ်တဲပ စစ်အစိုးရကို အထောက်အပံ့ ပေးနေတာဖြစ်လို့ ၀ယ်ယူ သုံးစွဲ သူတွေအနေနဲ့ မြန်မာပြည်ထွက် ရတနာတွေကို မ၀ယ်မိဘို့ သတိပြုကြပါလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒါရိုက်တာတဦးဖြစ်တဲ့ Arvind Ganesan က ပြောဆိုသွားပါတယ်။
မြန်မာ့ရတနာတွေကို သပိတ်မှောက်တာဟာ စစ်အစိုးရကိုထိခိုက်မှုရှိပါတယ်။ ရတနာကုန်သည်တွေအနေနဲ့ တွင်းထွက်ရတနာတွေရဲ့ မူရင်း ဇစ်မြစ် နိုင်ငံကို အသေအချာ စစ်ဆေးဖို့ လိုပါတယ်လို့လည်းပြောသွားပါတယ်။
ပြီးခဲ့တဲ့လကလည်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံက ရတနာနဲ့ ပိတ်ပင်ဖို့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်သလို ဥရောပနိုင်ငံတွေကလည်း မြန်မာ့ရတနာနဲ့ ကျွန်းသစ်တွေကို တင်သွင်းခွင့်ပိတ်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှ ပြည်ပက တင်သွင်းလာတဲ့ ရတနာတွေ အားလုံးရဲ့ မူရင်းနိုင်ငံကို သိရဖို့ စစ်ဆေးပြီးမှ တင်သွင်းခွင့်ပြုမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့ ဒီသတ်မှတ်ချက်ကို ရတနာကုမ္ပဏီကြီးတွေအနေနဲ့ လိုက်နာမှာဖြစ်ပေမဲ့ တဦးချင်း ကျောက်များ ၀ယ်ယူသူ ကုန်သည်တွေနဲ့ ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်တချို့ရဲ့ သဘောထားကိုတော့ မှန်းရခက်တယ်လို့ ရတနာလုပ်ငန်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။