ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ပါတီစုံရွေးကောက်ပွဲ ပြုလုပ်မယ်လို့ စစ်အစိုးရ ကျေညာ
၁၀.၀၂.၂၀၀၈
မြန်မာနိုင်ငံမှာ
စီးပွားရေး လူမှုရေးနဲ့ အခြားကဏ္ဍတွေမှာ အောင်မြင်မှုရှိလာခဲ့ပြီး နိုင်ငံတွင်း
ငြိမ်းချမ်းတည်ငြိမ်မှု ရှလာတဲ့အတွက် ၂၀၀၈ ခုနှစ်မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ
ကျင်းပပြီး ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်မှာ ပြုလုပ်ကျင်းပမယ်လို့
မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြားကနေ မြန်မာစစ်အစိုးရက စနေနေ့မှာ ထုတ်ပြန်ကြေညာ
ခဲ့ပါတယ်။
မြန်မာစစ်အစိုးရ ထိတ်တန်းအဖွဲ့ဝင်တဦးဖြစ်တဲ့ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါတီပေါင်းစုံပါဝင်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ်လို့ ဖေါ်ပြထားပါတယ်။
အခုပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အနိုင်ရခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီး ကတည်းက ပထမဆုံးပြုလုပ်မဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ကြေညာချက်ထဲမှာ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီအုပ်ချုပ်ရေး အသွင်ကူးပြောင်းဖို့ အချိန်ကျရောက်လာပြီ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ပြောဆိုနေတဲ့ ဒီမိုကရေစီလမ်းပြမြေပုံနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အချိန်ကာလ သတ်မှတ်ပြောဆိုတဲ့ ကြေညာချက်ဖြစ်ပါတယ်။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်ပုံဘယ်နည်းပြုလုပ်မှာ ဖြစ်ကြောင်း အသေးစိတ်မပါရှိတာကို သတိပြုမိတဲ့ အကြောင်း၊ အစိုးရရဲ့ ကြေညာချက်ဟာ ရှင်းလင်းပြတ်သားခြင်းလည်းမရှိ၊ ပြည့်စုံခြင်းလည်းမရှိတဲ့အပြင် ထူးဆန်းမှုတွေ ရှိနေကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု-မပြုကို ဆိုတဲ့ ရလဒ်ကိုတောင် မသိရသေးပဲ ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်မှာ ကျင်းပပြုမယ်လို့ စစ်အစိုးရက ကြေညာလိုက်တာဟာ သိပ်ထူးဆန်းနေပြီး မြန်မာစစ်အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို သေချာပေါက်အတည်ပြုနိုင်မယ်လို့ ယုံကြည်လက်ခံနေကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။