ကရင်ခေါင်းဆောင် ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရခြင်း
၁၄.၀၂.၂၀၀၈
နှစ်ပေါင်း
(၆၀)ကျော် ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့
KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးရဲ့
အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ညနေ ၄ နာရီ
မိနစ်၄၀ လောက်က မသမာသူတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ဖဒိုမန်ရှာ လုပ်ကြံခံရပြီး မိနစ်ပိုင်းအတွင်းမှာပဲ ထိုင်နိုင်ငံ မဲဆောက်မြို့မှ KNU ရုံးအဖွဲ့သားတဦးက ဖဒိုမန်းရှာလုပ်ကြံခံရတာ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး အခင်းဖြစ်ပွားပုံကို ပြောဆိုခဲ့ပါတယ်။
နောက်မျက်မြင်သက်သေတယောက်လည်း အခုလိုပြောဆိုပါတယ်။
မျက်မြင်သက်သေ ။ ။ လေးနာရီကျော်ကျော်မှာပါပဲ၊ ကားရပ်လာတယ်၊ လူနှစ်ယောက်ဆင်းလာတယ်၊ တယောက်ကလူငယ်ပဲ၊ ကျွန်တော့်အရွယ်လောက်ပဲ၊ လက်ထဲမှာ အတက်ချီကေ့စ်ပါတယ်၊ သေနတ်နဲ့ နှစ်ချက် ပစ်တယ်၊ ပစ်ပြီး ပြန်ဆင်းလာကြတယ်၊ ကျွန်တော်က လှေကားရင်းမှာ ရပ်နေတော့ ကျွန်တော့်ကို တချက်ပစ်တယ်၊ မထိဘူး၊ ကရင်လား ဗမာလားမပြောတတ်ဘူး၊ ကားနဲ့ပြန်မောင်းထွက်သွားတယ်၊ ကားကအနက်ရောင်၊ အက္ခရာမမှတ်မိဘူး၊ နံပတ်ကတော့ ၄၂၅။
ဖဒိုမန်ရှာဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပါပြီ၊ ၂၀၀၀ ခုနှစ်၁၂ ကြိမ်မြောက် KNU ပါတီကွန်ဂရက်က စပြီး အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ ဖဒိုမန်ရှာဟာ ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုရာမှာလည်း သိမ်မွေ့ညင်သာ ပြောဆိုတတ်သူပါ။ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်သူလည်း ဖြစ်ပါတယ်။ မကြာခင်က အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့စဉ်တုန်းက ဖဒိုမန်းရှာနဲ့တွေ့ဆုံခဲ့သူတွေဟာ ဖဒိုဟာ သူ့ရာထူးနဲ့မလိုက်အောင် နှိမ့်နှိမ့်ချချ နေထိုင်ဆက်ဆံတတ်သူလို့ တသသပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က ဧရာဝတီမဂ္ဂဇင်းက မေးမြန်းရာမှာ ဖဒိုမန်းရှာက နှစ်ပေါင်း ၆၁ နှစ် ကြာမြင့်ခဲ့ပေမဲ့ ပြည်ထောင်စုထဲမှာ ဘာမှအပြောင်းအလဲမရှိခဲ့ပဲ အာဏာရှင်အစိုးရ အဆက်ဆက်ကြောင့် အချင်းချင်းသွေးကွဲခဲ့ရကြောင်း၊ အချိန်တွေ အလဟဿ ကုန်ဆုံးခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ ဖဒိုမန်းရှာနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူတွေကတော့ ဖဒိုဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတဦးဆိုတာ ကောင်းကောင်းကြီးသဘောပေါက်ကြပါတယ်။