စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ လုံခြုံရေးကောင်စီကို အမေရိကန် သမတကတော် တိုက်တွန်း
၀၂.၀၂.၂၀၀၈
ကုလသမဂ္ဂ
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးနေဖို့ အမေရိကန်
သမတကတော် လော်ရာဘွတ်ရှ်က လုံခြုံရေးကောင်စီဥက္ကဌကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမတကတော် Mrs. လော်ရာဘွတ်ရှ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က နယူးယောက်မြို့ကို ရောက်ရှိနေစဉ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ပနားမား သံအမတ် မစ္စတာ မာတင် တော်ရီဂျော့စ်နဲ့ တွေ့ဆုံပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ တိုနီဖရက်တိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးနေရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပါ အရာရောက်ပုံကို အားဖြည့်ပေးနေဖို့နဲ့ သတိပေးဖို့အတွက် Mrs. လော်ရာဘွတ်ရှ်က အခွင့်အရေးကို အသုံးချခဲ့တာ ဖြစ်ပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
Mrs. လော်ရာဘွတ်ရှ်ရဲ့ ပြောကြားတိုက်တွန်းချက်ကို လုံခြုံရေးကောင်စီဥက္ကဌ ကလည်း သဘောပေါက် လက်ခံခဲ့ပြီး သူ့အနေနဲ့ ကုလသမဂ္ဂက တောင်းဆိုနေတာဖြစ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်ရေးအတွက် စစ်အစိုးရကို ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးတွေ အလွန်တရာ နှေးကွေးနေတဲ့တွက် စိတ်ပျက်မိကြောင်း ပြီးခဲ့တဲ့ ဇန္န၀ါရီလလယ်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ညည်းညူ ပြောဆိုခဲ့ပါတယ်။