စစ်အစိုးရအပေါ် ဖိအားပေးဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံမှူးပြောကြား

၀၁.၀၂.၂၀၀၈

ပြီးခဲ့တဲပ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဖေါ်ဆောင်ပေးဖို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာဟာ အခုအခါမှာ အရှိန်အဟုန် လျော့ကျသွားပြီဖြစ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ စစ်အစိုးရအပေါ် ဖိအားတွေပိုမိုပေးဖို့ လိုအပ်နေပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms. Shari Villarosa က ပြောကြားလိုက်ပါတယ်။

စစ်အစိုးရအပေါ် ပြစ်တင်ဝေဖန် အာခံတဲ့သူတွေ၊ ဆန့်ကျင်သူတွေကို အခုအခါမှာ သက်ဆိုင်ရာအာဏာပိုင်တွေက အမျိုးအမျိုးဖိနှိပ်တာတွေ ပြုလုပ်နေတဲ့ လက္ခဏာတွေ ပေါ်ထွက်နေချိန်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဘန်ကောက်မြို့ရှိ အေပီသတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အမေရိကန်သံရုံး ယာယီတာဝန်ခံက မြန်မာစစ်အစိုးရဟာ အတိုက်အခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ တနေ့ထက်တနေ့ပိုပြီး ထင်ထင်ရှားရှား တွေ့နေရတယ်လို့လည်း ပြောကြားသွားပါတယ်။