ကျွန်စိတ်မပျောက်သ၍
' ကျွန် ' နှင့် ' အလုပ်သမား ' ကို စာရေးသူက ဤသို့ ဖွင့်ဆို၏။
တန်ရာတန်ကြေး အခကြေးငွေ ယူ၍ သတ်မှတ်ထားသော အချိန်ကာလအတွင်း အလုပ် လုပ်ကိုင် နေသူအား ' အလုပ်သမား ' ဟု စာရေးသူက ရှမြင်၏။
သို့သော် အချိန်သတ်မှတ်မှုမရှ၊ အလုပ်အမျိုးအစားသတ်သတ်မှတ်မှတ် မရှ၊ ငွေကြေး အဖိုးအခ သတ်မှတ်ထားခြင်းလည်း မရှိဘဲ၊ ခိုင်းစေ သူ၏ အလိုအတိုင်း လုပ်ပေးရသော အခိုင်းခံရသူအား ' ကျွန် ' ဟု စာရေးသူက ရှမြင်လေ၏။
အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံ အသီးသီးသို့ မြန်မာနိုင်ငံမှ နိုင်ငံသူ၊နိုင်ငံသားအများအပြား ထွက်ခွါကြ၏။ အလုပ်လုပ်နေကြရ၏။
ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် တစ်ခုကျော်ကျော် နေခဲ့ရသော စာရေးသူအနေဖြင့် ထိုင်တွင် အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား အလုပ်သမား အများအပြားနှင့် တွေ့ဆုံခဲ့ဘူးလေ၏။ မေးမြန်း စပ်စုခဲ့ဘူးလေ၏။ အင်တာဗျူးလုပ်ခဲပဘူးလေ၏။
မယ်မယ်ရရ အလုပ်ကောင်းစွာ မလုပ်ဘဲ၊ ထိုင်း အလုပ်ရှင်၏ အလိုကျစေခိုင်း သလို စေခိုင်းခံရသူ ၀ဏ္ဏက ( ထိုင်းဝေါဟာရ- အလုပ်သမားခေါင်းဆောင်ကို ခေါ်ဆိုခြင်းဖြစ်၏။) လုပ်ပေးပြီး အများစုသော အလုပ်သမားတို့ ဘာဘဲဖြစ်ဖြစ် ထိုင်းသူဌေး ပိုက်ဆံရလျှင် ပြီးတာဘဲဟု ' ကျွန် ' လူတန်းစား အလုပ်သမားခေါင်းဆောင် မြန်မာနိုင်ငံသားတချို့ကို မြင်တွေ့ခဲ့ရဘူးလေ၏။
စာရေးသူတို့က ထိုလူမျိုးကို ' ထွန်းကြိုင် ' ဟု အမည်ပေး ကင်မွန်းတပ်ခဲ့ကြလေ၏။ အဓိပ္ပါယ်မှာ 'ထိုင်းကျွန်' ဟု ဆိုလိုခြင်းဖြစ်လေ၏။ 'ထွန်းကြိုင်' 'ထိုင်းကျွန်' တချို့ကြောင့် မြန်မာနိုင်ငံသား အလုပ်သမား အများအပြား ဒုက္ခရောက်ကြရသည်ကို စာရေးသူ မြင်တွေ့ ခဲ့ရ၏။ ' ထွန်းကြိုင် ' ၏ ပွဲစားလုပ်မှုကြောင့် ထိုင်းသူဌေးဆိုသူ၏ လက်ခုပ်တွင်း ရောက်ခဲ့ရသော မြန်မာ မိန်းမပျိုတချို့။ ရှိက်ကြီးတငင်ဖြင့် '' ကျမဘ၀ပျက်ခဲ့ရတယ်'' ဟု ကိုယ်တွေ့ကိုပြောပြခဲ့သော မိန်းမပျိုတချို့။ အလုပ်သမား ခေါင်းဆောင်လုပ်သူ၏ အကြံပေး သင်ပြမှုကြောင့် ကလိန်ကကျစ် ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သွားသူ ထိုင်းအလုပ်ရှင်က လုပ်အားခ အပြည့်မပေးဘဲ၊ ဖြတ်ချ နှုတ်ချ ခံခဲ့ရသော မြန်မာအလုပ်သမားများ။
ထိုင်းအလုပ်ရှင်ထံ ကျွန်ခံနေသော ' ထွန်းကြိုင် ' လို လူစားတွေကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား အများစု နစ်နာဆုံးရှုံးမှုများ အတုံးအလိုက်အတစ်လိုက် ရနေကြလေ၏။
' ထွန်းကြိုင်' တို့၏ 'ကျွန်စိတ်' မပျောက်သ၍ အလုပ်သမားအများစု ဒုက္ခတွင်းထဲ ရောက်နေကြရပေဦးမည်။
ထိုသို့ အထက်ဖားအောက်ဖိ လုပ်ကာ ကျွန်ခံတတ်သော လူတချို့အား ၈၈-ခုနှစ် အရေးတော်ပုံ ကာလကလည်း စာရေးသူ မြင်တွေ့ခဲ့ဘူးလေ၏။ ဖုန်းကို ဆိုသူသည် ၈၈-ခုနှစ် အရေးတော်ပုံ ကာလက လူထုလှုပ်ရှားမှုထဲ ပါဝင်လာလေ၏။ ၈၈-ခုနှစ်၊ စက်တင်ဘာလ စစ်တပ်က အာဏာမသိမ်းမှီနှင့် အာဏာသိမ်းပြီး KNU နယ်မြေသို့ ၂-ခေါက် ရောက်ခဲ့လေ၏။ နအဖ မကောင်းကြောင်း ရွမ်းရွမ်းဝေအောင် အားပါးတရ ပြောပြီး KNU အတွင်းချည်းကပ်၏။ နောက်ပိုင်းတွင် ပြည်တွင်းသို့ ပြန်ဝင်ကာ KNU မကောင်းကြောင်း ရွမ်းရွမ်းဝေအောင် ပြောပြီး နအဖ စစ်ထောက်လှန်းရေးထံ ချည်းကပ်ပြန်လေ၏။
ဖားအံမြို့ ဇာတိဖြစ်ပြီး မော်လမြိုင်မြို့၊ ဈေးကြိုရပ်သူ နှင့် အိမ်ထောင် ကျသဖြင့် ဈေးကြိုသားဟု ခံယူကာ ၈၈- ခုနှစ်၊ အရေးတော်ပုံကာလအတွင်း စာရေးသူတို့ အဖွဲ့အား အတင်းပူး၊ အတင်းတိုးနည်းဖြင့် ချည်ကပ်ဝင်လုံး ခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် စာရေးသူတို့ တဖွဲ့လုံးအား အငြိုးထားကာ ဖုန်းကို၏ သတင်းပေးမှုနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ရလေ၏။
ယခုလည်း မြန်မာနိုင်ငံတွင် ကြံ့ဖွံ့ အဖွဲ့သည် နအဖ၏ ကျွန်ပြု မှုကို ခံယူကာ၊ ကျွန်စိတ်ပြေင်းထန်နေသော ကြံ့ဖွံ့တို့၏ ဒုက္ခပေးမှုကို ပြည်သူအများခံနေကြရပြန်လေ၏။ ထိုသူတို့သည် ကျွန်ဖြစ်ခြင်းကို ကျေနပ်နေ သူများဟု စာရေးသူ သုံးသတ်မိလေ၏။
လူထုလူတန်းစား အသီးသီးကြား၊ အဖွဲ့အစည်း အသီးသီးအကြား ကျွန်စိတ်ရှိသူ နှင့် ကျွန်ခံချင်သူများ ပေါ်ပေါက်နေသ၍ အများစုသော ပြည်သူသည် ဒုက္ခနှင့် တိုးကြရမြဲပင်။
စာရေးသူတို့ နေထိုင်ရာ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်၊ Salt lake မြို့တွင် ဒုက္ခသည်များကို ကူညီနေသော NGOs အဖွဲ့ ၂- ဖွဲ့ရှိလေ၏။ သို့သော်အခြားသော NGOs အဖွဲ့ပေါင်း များစွာလည်း ရှိသေးလေ၏။
Salt Lake မြို့သို့ ယခင်က မြန်မာနိုင်ငံသား ဒုက္ခသည်များအား ပို့ခဲ့ခြင်းမရှိဘဲ၊ ၂၀၀၄- ခုနှစ်တွင်မှ စတင်၍ ပို့ခဲ့၏။ သို့ဖြစ်၍ မြန်မာဒုက္ခသည်များအား ကူညီပေးနေသော I R C နှင့် ကက်သလစ် အဖွဲ့ ၂-ဖွဲ့တွင် မြန်မာစကားပြန် ယခင်က မရှိခဲ့ပေ။ ရောက်လာသူများထဲမှ အင်္ဂလိပ်စကား ခြောက်တိခြောက်ချက် ပြောလို့ရသူကို မွေးရသည်။ စကားပြန်အဖြစ် သုံးရလေတော့၏။
သို့သော် အစိုးရ၏ များမြောင်လှသော လုပ်ငန်းရပ်များကြောင့် နိုင်ငံတော်အစိုးရက NGOs အဖွဲ့များသို့ တဆင့် လွှဲပြောင်းပေကာ ၈-လထောက်ပံ့မှုကို ကူညီစေလေ၏။
အချို့သော ပြည်နယ်များတွင် ထိုထောက်ပံ့မှု ၈-လ အပြည့်ရနိုင်လေ၏။
စာရေးသူတို့ရောက်ရှိရာ Utah ပြည်နယ်၊ Salt Lake မြို့တွင် ၃-လ သာ ရကြလေ၏။ မြန်မာဒုက္ခသည်များသည် စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ နေခဲ့ကြရကြောင်း၊ NGOs က သိလေ၏။ မြန်မာနိုင်ငံသား ဒုက္ခသည်တချို့၏ မျက်စိ၊ နားပွင့်မှုအားနည်းခြင်းနှင့် ဗဟုသုတ နည်းပါးမှုကြောင့် ဘာမှမသိကြ လေသောအခါ စာရေးသူတို့ မြို့တွင် ၃-လသာ ခံစားကြရ၏။
''အင်တာပရိုက်တာလိုတာပေါ့၊ အင်တာပရိုက်တာက NGOs ဘက်ကချည်းလိုက်လုပ်နေပြီး ဒုက္ခသည်တွေရဲ့ အားနည်းချက်တွေကို သင်ပေးနေတော့ ကိုယ်လူမျိုးတွေဘဲ ဒုက္ခရောက်ကြရတာပေါ့'' ဟု ဒုက္ခသည် တစ်ဦးက စာရေးသူအား ပြောပြခဲ့ဘူးလေ၏။
စာရေးသူ၏ ခေါင်းထဲ ''ထွန်းကြိုင်'' လိုလူစားမျိုးလားဟု တွေးမိလေ၏။ မှန်လေစွ။
''ထိုင်းမှာလည်း ဒီလိုပါဘဲ၊ ကိုယ်ပြောချင်တာပြော၊ သူပြောချင်တာ ဘာသာပြန်တာပါဘဲ။ တခြားစီဘဲ'' ဟု အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့က အကြောင်းသိသူတစ်ဦးက ဖုန်းဖြင့်ဆက်၍ ပြောပြလေ၏။
''အမေရကန်မှာ နာရီနဲ့ ပိုက်ဆံပေးတာ၊ ကိုယ်အလုပ် မအားတဲ့ကြားက သူတို့ခေါ်လို့သွားရတယ်၊ ဘာပိုက်ဆံမှလည်း မရဘူး။ တခါတလေ ဖုန်းကဒ် ပေးတယ်။ လက်မှတ်ထိုးပြီးယူရတယ်။ နောက်ပြီး သူတို့ ပြောခိုင်းသလို ပြောရတယ်။ ကိုယ့်လူတွေ အတွက် မဟုတ်မှန်းသိတော့ မပြောချင်ဘူး။ လူမုန်းများတယ်။ ကြာတော့ မသွားချင်တော့ဘူး။ ကျမက မမှန်တာ မလုပ်ဘူး။ မအားဘူး ဆိုပြီးတော့ အကြောင်းပြလိုက်တယ်။'' ဟု တချိန်က စကားပြန် လုပ်ပေးခဲ့ဘူးသော အမျိုးသမီးတဦးက ပြန်ပြောပြခြင်း ဖြစ်၏။
''ထွန်းကြိုင်'' ကတော့ NGOs က မခေါ်မှာ၊ မခိုင်းမှာ အလွန်စိုးရိမ်လေ၏။ ခြားနားသော စိတ်ဓာတ် ၂-ခုကို စာရေးသူ မြင်တွေ့လိုက်ရလေ၏။
''ကျွန်'' မဟုတ်သလိုနှင့် ''ကျွန်စစ်'' လှသော ''ထွန်းကြိုင်''။
ထိုလူမျိုး၏ သဘောသဘာဝ နှင့်စိတ်နေစိတ်ထား တူသူတချို့၊ ထိုလူမျိုးတို့ တည်ရှိ လွှမ်းမိုးရာ နေရာနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရသူတို့၏ နစ်နာမှုနှင့် အကျိုးဆုတ်ယုတ်မှု။ ထိုထိုသော အကြောင်းတရားများ အကြား၊ သင်သည် လူသားကောင်းကျိုး ပြုလိုငြားအံ့။
လူသားတို့၏ အခွင့်အရေး နစ်နာမှုတစုံတရာ မပြုမိစေရန် သတိပြုလေ။
သို့မဟုတ်မူဘဲ ကျွန်စိတ်ရှိနေပြီး ကျွန်စစ်၍ ကျွန်ဖြစ်နေသ၍ လူမျိုးနှင့် ပြည်သူတို့၏ နစ်နာမှုများလည်း ဆက်လက်ကြုံတွေ့နေကြရဦးမည်သာ ဖြစ်ကြောင်း။ ။
ကျွန်စိတ်ပျောက်ကြပါစေ။
မြန်မာပြည်သား