ရန်ကုန်ဆန္ဒပြသူများကို ဖမ်းဆီးမှုတွေအပြင် နေအိမ်တွေပါရွှေ့ပြောင်းနေ

၀၅-၁၀-၀၇- ဒို့မြန်မာ

ရန်ကုန်က ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို စစ်အစိုးရက ဖမ်းဆီးမှုတွေ လုပ်နေတဲ့ အထဲက နေအိမ်တွေကိုပါ ရွှေ့ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မနက်မှာ အသံလွှင့်ဌာန အသီးသီးမှနေ၍ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ၂၆ ရက်နဲ့ ၂၇ ရက်တွေက ဆန္ဒပြပွဲ စတင်ဖြစ်ခဲ့တဲ့ နေရာတွေမှာ နေထိုင်သူတွေကို စစ်တပ်က အိမ်ထောင်စုအလိုက် ကားတွေနဲ့တင်ပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုနောက်ထပ်ရတဲ့ သတင်းတွေအရ စစ်တပ်က ဆန္ဒပြပွဲကို ပါဝင်ကူညီတဲ့ ရပ်ကွက်တခုလုံးကို ပြောင်းပစ်ဘို့ စီစစ်နေတာဖြစ်တယ်လို့ ရပ်ကွက်ထဲက လူတွေက ပြောပါတယ်။ ရပ်ကွက်တွင်း နေထိုင်သူ ကလေးလူကြီး အကုန်လုံးနီးပါးကို စစ်တပ်က မနက် ၂နာရီမှာ ရောက်လာပြီး ခေါ်ဆောင် သွားတာဖြစ်ပါတယ်။ အခေါ်ခံရတဲ့ ရပ်ကွက်ဘေးမှာ ရှိတဲ့သူတွေရဲ့ ပြောဆိုချက်အရ အိမ်တွေကိုပါ မိမိအစီအစဉ်နဲ့ မိမိ ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့ပြောပါတယ်။

အပြောင်းရွှေ့ခံရတဲ့ အိမ်ခြေ ၃၀၀ရာ လောက်ရှိတယ်လို့သိရပါတယ်။ လူတွေကို ကားပေါ်တင်ခေါ်သွားတာ တွေ့မြင်လိုက်ရတဲ့ ပြည်သူတဦးကို မေးမြန်းကြည့်တဲ့အခါ အခုလိုပြောပါတယ်။

မနက် ၂နာရီလောက်မှာ သူတို့ကားတွေ ၀င်လာပြီးတော့ ရှိတဲ့အိမ်ကလူတွေ အကုန်နှိုးပြီးတော့ အောက်ကိုဆင်းခိုင်းတယ်။ အပေါ်မှာ အသက်ကြီးတဲ့လူတွေပဲထားခဲ့တယ်။ ဆင်းတဲ့သူတွေမှန်သမျှ အ၀တ် ၃ စုံစီယူပြီးတော့ ဘယ်ကိုခေါ်သွားလဲမသိဘူး။ ခေါင်းတွေငုံ့ပြီး လက်တွေခေါင်းပေါ်တင် ကားပေါ်တင်ခေါ်သွားတယ် ဟု မြို့ခံတစ်ယောက်က ပြောပြပါတယ်ခင်ဗျား--