ဒေါ်အောင်ဆန်းစုကြည် လိုက်လျောရမည့်အချက်များ ဗိုလ်ချုပ်မှူးကြီး ကြေညာ

၀၅.၁၀.၂၀၀၇-ဒို့မြန်မာ

မြန်မာစစ်အစိုးရက ၁/၂၀၀၇ ဆိုပြီး ကြေညာချက်တရပ်ကို အောက်တိုဘာလ ၄ ရက်၊ ကြာသပတေးနေ့ညမှာ ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ ဒီကြေညာချက်မှာ ပြီးခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ စွပ်စွဲချက်တချို့ ပါရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တချို့အချက်တွေ လိုက်လျောရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒီကြေညာချက်မှာ အဓိကအားဖြင့် အချက်နှစ်ချက်ပါရှိပါတယ်။ ပထမ တချက်က သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေရဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်ဆူပူသူများလို့ နာမည်တပ်လိုက်ပြီး ဒီဆန္ဒပြပွဲတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်ချက်အဖြစ် စွပ်စွဲလိုက်တာဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို ဖြတ်လမ်းမှ ရယူလိုသူများနဲ့ ပြည်ပနိုင်ငံတချို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် အားထုတ်လုပ်ကိုင်ခြင်း ဖြစ်တယ်လို့ ရုပ်မြင်သံကြားမှာ ကြေညာသွားပါတယ်။

ဒုတိယအချက်ကတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်စုကြည်နဲ့ တွေ့ဆုံမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုတင်စည်းကမ်းချက်တွေ သတ်မှတ်ထားပြီး ဒီစည်းကမ်းချက်တွေကို လိုက်နာမှ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ဆောင်နေတဲ့ အချက် ၄ ချက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပြီး အဲဒီအချက် လေးခုကတော့ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံ ပိတ်ဆို့ရေးတို့ ဖြစ်ကြောင်း အဲဒီအချက်လေးခုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ ဆိုပါတယ်။ အဲဒီလို ကြေညာမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံစကားပြောမယ်လို့ ရုပ်မြင်သံကြားမှာ ကြေညာသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံချိန်မှာ မစ္စတာဂမ်ဘာရီကို ဒီစကားမျိုးပြောလိုက်သလား ဆိုတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဖာရန် ဟက်ခ်က ''ဒီကိစ္စနဲ့ ပတ်သက်လို့ ခုချိန်မှာ ကျနော်တို့အနေနဲ့ ဘာမှ မပြောချင်ပါဘူး။ မနက်ဖြန် သောကြာနေ့မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ မစ္စတာ ဂမ်ဘာရီ တွေ့ဆုံမှာဖြစ်ပြီး ဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။ ဒီမတိုင်ခင်တော့ လူသိထင်ရှား ဘာတခုမှ ထူတ်ဖော်ပြောမှာ မဟုတ်ပါဘူး'' လို့ ကုလသမဂ္ဂ၊ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရန် ဟက်ခ်က ပြောသွားပါတယ်။

မြန်မာ့ ရုပ်မြင်သံကြားမှ ကြေညာချက်ထဲက ကောက်နုတ်ချက်တချို့ကိုလည်း နားထောင်နိုင်ပါတယ်။

ကောက်နုတ်ချက် (၁)

ကောက်နုတ်ချက် (၂)