မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲများ စတင်၊ ဗြိတိသျှဝန်ကြီးချုပ်နှင့်လည်း လှုပ်ရှားသူများ တွေ့ဆုံခဲ့

၀၆.၁၀.၂၀၀၇- ဒို့မြန်မာ

မြန်မာနိုင်ငံတွင်းက ပြည်သူလူထုရဲ့ ဘ၀နဲ့အခြေအနေဆိုးတွေပေါ် နိုင်ငံတကာက ပိုမိုထင်ဟပ်စေဖို့နဲ့ အမြန်ဆုံး မြန်မာစစ်အစိုးရကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့တွေအတွက် ရည်ရွယ်ပြီး ဥရောပတိုက် လှုပ်ရှားမှုအသွင်နဲ့ လှုပ်ရှားခဲ့ကြတဲ့ လူထုဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ကမ္ဘာ့အင်အားစု ကမ္ဘာ့မိသားစုတွေ ကနေပြီးတော့ မြန်မာစစ်အစိုးရကို ၀ိုင်းဝန်းဖိအားပေးကြဖို့ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်အစိုးရကလုပ်နေတဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို လျော့ချဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ Global Campaign လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကြီး ဆုတောင်းပွဲကြီးကို ဒီကနေ့ စတင်ခဲ့ကြပါတယ်။

ဥရောပတိုက်အတွင်းက မြန်မာ့အရေး နေ့တစ်နေ့လို့ ဆိုရမှာပါ။ အင်္ဂလန်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ နော်ဝေး၊ ဆွီဒင် အစရှိတဲ့ နိုင်ငံတွေအားလုံးမှာ ဒီနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွေက လူထုဆန္ဒ ထုတ်ဖေါ်လမ်းလျှောက် ချီတက်ပွဲတွေ၊ ဆုတောင်းမေတ္တာပို့ အခမ်းအနားတွေ၊ နောက်တခါ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ပထမဦးဆုံး လန်ဒန်မြို့က အထင်ကရ လမ်းမကြီးတွေပေါ်က လူအင်အား နှစ်သောင်းနီးပါးနဲ့ မြန်မာ့အရေးကို ကမ္ဘာကြီးအတွင်းမှာ ပိုမိုဖိအားပေးကြဖို့နဲ့ လမ်းလျှောက်ဆန္ဒ ဖေါ်ထုတ်ပွဲ အကြောင်းကိုတော့ လန်ဒန်မြို့က မြန်မာ့ အရေးလှုပ်ရှားတဲ့ မဇိုရာဖမန်းက ယခုလို ပြောပြပါတယ်။

"ကမ္ဘာ့ခေါင်းဆောင်တွေရော၊ အဓိက ဗြိတိသျှအစိုးရတွေရော မြန်မာပြည်အစိုးရအပေါ်မှာ အထိရောက်ဆုံး အရေးယူဖို့အတွက် လုပ်တာဖြစ်ပါတယ်။ မြန်မာပြည်စစ်အစိုးရအပေါ်မှာ သူတို့ အခုလုပ်နေတဲ့ မတရားမှု၊ သံဃာတော်တွေကို စော်ကားမှု၊ တိုင်းရင်းသားလူမျိုးစုအပေါ်မှာလည်း လူမှုရေးချိုးဖောက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းနိုင်အောင် သူတို့လုပ်နေတဲ့အလုပ်တွေက ကမ္ဘာကသိနေတယ်ဆိုတာကို မြန်မာပြည်စစ်အစိုးရကို သိစေချင်လို့ အဓိက လုပ်တာဖြစ်ပါတယ်။ လူတွေစုပြီးတော့ လမ်းလျှောက်တယ်။ တံတားကို ကူးပြီးတော့ ဒေါင်းနင်းလမ်းအထိကို လမ်းလျှောက်သွားတယ်၊ ပြီးတော့ လျှောက်ရင်းနဲ့ Trafalgar Square မှာ ဟောပြောပွဲလုပ်ကြမယ် အဲဒီမှာ"

ဒီအင်အားစုတွေအတွင်းမှာ ဗြိတိသျှပါလီမန်အမတ်တွေ၊ အီးယူ ဥရောပ သမဂ္ဂ ပါလီမန်အမတ်တွေ၊ ဗြိတ်သျှအတိုက်အခံ ပါတီဝင်တွေ၊ နောက်တခါ ဗြိတိသျှ အလုပ်သမားအဖွဲ့ နဲ့ ဗြိတိသျှ ကျောင်းသားသမဂ္ဂနဲ့အတူ မြန်မာ့အင်အားစုများစွာ စုပေါင်းခဲ့ကြပါတယ်။

ဒီပွဲရဲ့ တစိတ်တဒေသအနေနဲ့ ဒီကနေ့ လန်ဒန်မြို့မှာပြုလုပ်တဲ့ဆန္ဒပြပွဲအတွင်းမှာတော့ ဆန္ဒပြတဲ့သူတွေက ဗြိတိသျှ ၀န်ကြီးချုပ် မစ္စတာ ဂေါ်ဒန်ဘရောင်းကို တွေ့ခွင့်ရတယ်လို့လည်း သိရှိရပါတယ်။

ဒီကနေ့ လန်ဒန်စံတော်ချိန် မနက် ၁၀ နာရီမှာ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းကို ဗြိတိသျှဝန်ကြီးချုပ်ရုံးစိုက်ရာ ဒေါင်းနင်းလမ်းမှာ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့က ကိုယ်စားလှယ် ၁၀ ဦး သွားရောက် တွေ့ဆုံခဲ့ပါတယ်။ လန်ဒန်မြို့က မြန်မာ ဗုဒ္ဓဘာသာ ဆရာတော်နှစ်ပါး၊ ဗြိတိသျှအမတ် ကိုယ်စားလှယ် နှစ်ဦး၊ မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK ဖွဲ့က ကိုယ်စားလှယ်၊ ဗြိတိသျှအလုပ်သမားအဖွဲ့ ကိုယ်စားလှယ်နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကိုယ်စားလှယ်တွေ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပထမဦးဆုံး အခု သွားတွေ့ကြတဲ့ ကိုယ်စားလှယ်တွေက ဗြိတိသျှဝန်ကြီးချုပ်ကို သူတို့ ဆွေးနွေးတင်ပြခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ဗြိတိသျှဝန်ကြီးချုပ်ကို ကိုယ်တိုင်သွားတွေ့ခဲ့သူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဦးဝင်းနိုင်က အခုလို ပြောပြပါတယ်။

"ကျနော်တို့ အဓိက တင်ပြခဲ့တာကတော့ ယနေ့ မြန်မာပြည်မှာ သံဃာတော်တွေဟာ လုံးဝ လုံခြုံမှုမရှိဘူး။ သံဃာတော်တွေဟာ ပြေးလွှားပြီးတော့ ပုန်းအောင်းနေရတယ်။ ဖမ်းပြီးသား သံဃာတော်တွေဟာလည်း Labor Camp တွေကို အပို့ခံနေရတယ်။ အဲဒါကို ဗြိတိသျှအစိုးရကနေပြီးတော့ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါ။ နောက်တစ်ခုက သံဃာတော်တွေဟာ အခု စားစရာမရှိဘူး။ ဒုက္ခရောက်နေတယ်၊ ကျန်းမာရေးလည်းလိုနေတယ်။ အဲဒါကြောင့် ဗြိတိသျှသံရုံကနေပြီးတော့ အမြန်ဆုံး ဘုန်းကြီးတွေ လက်ထံရောက်အောင် အစားအစာနဲ့ ဆေးဝါးတွေ အမြန်ဆုံးပို့ပေးပါ။ နောက်တစ်ခုက အခု မြန်မာပြည်မှာ တိုင်းရင်းသားတွေက သူတို့ စစ်တပ်တွေ စုစည်းပြီးတော့ နအဖအစိုးရကို စတိုက်နေပြီ။ မကြာခင် ပြည်တွင်းစစ် ဖြစ်တော့မယ်၊ အဲဒါကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကို အမြန်ဆုံး စီစဉ်ပေးပါ။ ဒါမှာသာလျင် ပြည်သူတွေဟာ လုံခြုံမှုရှိမယ်ဆိုတာကို ကျနော်တို့တောင်းဆိုခဲ့ပါတယ်။ နောက်တစ်ခုက အီးယူကနေပြီးတော့ ဆောက်လျက်စ Sanction တွေ အမြန်ဆုံး ချပေးပါ။ ဒါမှသာလျင် ဒီ စစ်အစိုးရကိုထိရောက်မှာဖြစ်ပါတယ်ဆိုတာကို မစ္စတာ ဂေါ်ဒန်ဘရောင်းကနေပြီးတော့ တစ်ဦးချင်း တစ်ယောက်ချင်း ပြောတာကို သူက လိုက်မှတ်ပြီးတော့ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ပြန်ဆွေးနွေးသွားပါတယ်။"

နောက်တခါ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ခရီးစဉ်ရဲ့ရလဒ်ဟာ မစ္စတာ ဂမ်ဘာရီ မြန်မာပြည်အရေးအတွက် လုံလောက်တဲ့အဖြေတစ်ခု မဟုတ်တာမို့ ဒီထက်ကိုပိုပြီး ကုလသမဂ္ဂက ဆောင်ရွက်နိုင်ဖို့ အတွက် ဗြိတိသျှအနေနဲ့ ၀ိုင်းဝန်းကြိုးစားပေးဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဒေါက်တာ ဦးဝင်းနိုင်က ဆက်ပြောပြပါတယ်။

"မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ မစ္စတာ ဘန်ကီမွန်းပြောတဲ့အတိုင်း ထိရောက်မှုမရှိဘူးဆိုတာ ပြောပါတယ်။ အဲဒီတော့ ထိရောက်မှုမရှိတော့ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် မြန်မာပြည်ထဲကို သွားပြီးတော့ အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ တွေ့ဆုံဆွေးနွေးရေးကိစ္စကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အမြန်ဆုံး ဖြစ်အောင်လုပ်ပေးဖို့ဆိုတာ ကျနော်တို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။"

တင်ပြခဲ့တဲ့အချက်တွေအပေါ်မှာ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက ဗြိတိသျှအစိုးရအနေနဲ့ရော၊ မိမိရဲ့ ကိုယ်ပိုင်အနေနဲ့ရော မြန်မာ့အရေးကို အထူး အရေးထားပြီးဆောင်ရွက်မှာဖြစ်တယ်လို့ ပြန်လည်ပြောဆိုခဲ့ပုံကိုလည်း အခုလို ပြောပြပါတယ်။

"သူ့အနေနဲ့ မြန်မာပြည်ဟာ ကမ္ဘာမှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံးဆိုတာ သူ သိပါတယ်။ အဲဒါကြောင့် သူ အများဆုံး စိုးရိမ်နေပါတယ်။ လူထုရဲ့ လုံခြုံရေးအတွက် ဒါကြောင့် ဒီ ဗြိတိသျှအစိုးရ အနေနဲ့ နံပါတ် တစ် ဦးစားပေးထဲမှာ တည့်ပြီးတော့ အမြန်ဆုံး ဒီကိစ္စကို ဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပေးလိုက်ပါတယ်ခင်ဗျာ။ အီးယူ Sanction ကိုလည်း အမြန်ဆုံးဖြစ်အောင် သူကိုယ်တိုင် ဒီကနေပြီးတော့ နေ့တိုင်းလိုလို စာလည်းရေးထားတယ်၊ ဖုန်းလည်းဆက်ထားတယ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေ ချဖို့အတွက် သူ့အနေနဲ့ တောင်းဆိုထားတယ်ဆိုတာ ပြောလိုက်ပါတယ်ခင်ဗျာ။ တရုတ်အစိုးရ၊ အိန္ဒယအစိုးရနဲ့ ရုရှားအစိုးရကို သက်သက် သူတို့အစိုးရကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ပြီးတော့ လုပ်နေတယ်၊ မကြာခင်မှာ အဖြေထွက်လာမယ်လို့ သူက ပြောလိုက်ပါတယ်ခင်ဗျာ။"

ဒါကြောင့် ဗြိတိသျှအစိုးရက မြန်မာ့အရေးအပေါ် အလေးထား ဆောင်ရွက်မှုဟာ အင်မတန် အားရစရာ ကောင်းတဲ့အနေအထားတစ်ခုလို့လည်း ဒေါက်တာ ဦးဝင်းနိုင်က ဆက်ပြောပြပါတယ်။

"ဗြိတိသျှအစိုးရကတော့ အခုအချိန်မှာ သူ အတတ်နိုင်ဆုံးလုပ်ဖို့အတွက် ဆိုင်းပြင်းထားပါတယ်။ နိုင်ငံတကာ မိသားစုထဲမှာ စိတ်လည်း အ၀င်စားဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း မြန်မာတွေကို ကိုယ်ချင်လည်း စာတယ်။ မြန်မာပြည်ကိစ္စကို နံပါတ်တစ် ဦးစားပေးလုပ်မယ်ဆိုတာကို ကျနော်အနေနဲ့လည်း တစ်ဦးချင်းသဘောအရ ကိုယ်ကိုယ်တိုင် ကိုယ်တွေ့ရလို့ ယုံကြည်ပါတယ်ခင်ဗျာ။"

လန်ဒန်မြို့က မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဒေါက်တာ ဦးဝင်းနိုင်ဖြစ်ပါတယ်။