သံဃာ့တပ်ပေါင်းစုကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုပန်ကြား

၀၇.၁၀.၂၀၀၇- ဒို့မြန်မာ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အောက်တိုဘာလ ၄ ရက်နေ့ နေ့စွဲနဲ့ မေတ္တာရပ်ခံလိုက်တဲ့ ပန်ကြားချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီပန်ကြားချက်မှာ "ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူထုအကြပ်အတည်းများ ဖြေရှင်းပေးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ပေးရန် စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော သံဃာထုနှင့် ပြည်သူလူထုကို လမ်းမများပေါ်တွင် ပစ်သတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်းတို့ဖြင့် အကြမ်းဖက်နှိမ်နင်းခဲ့သည်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာနိုင်ငံအသီးသီးမှ သိရှိပြီးဖြစ်ပါတယ်။

အခုအခါ အဖမ်းဆီးခံ သံဃာတော်တွေကို အတင်းအဓမ္မ လူဝတ်လဲစေပြီး ကြမ်းတမ်း ဆိုးရွားသော ရဲဘက်စခန်းများကို ပို့ခြင်း၊ ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်နေခြင်း၊ ဒါ့အပြင် ညသန်းခေါင်အချိန် ဘုန်ကြီးကျောင်းတွေနဲ့ စာသင်တိုက်တွေကို နအဖ စစ်သားများမှ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ဘုန်တော်ကြီးများအား ရိုက်နှက်သတ်ဖြစ်ခြင်း၊ ဖမ်းဆီးခြင်းများကို ညတိုင်း လုပ်နေပါတယ်။ စာသင်တိုက်များနဲ့ ဘုရားစေတီ ပုထိုးများတွင် လက်နှက်ကိုင်တပ်များ ထူထပ်စွာချထားပြီး ဘုန်းကြီးကျောင်းတွေကို ပိတ်ဆို့ ၀န်းရံထားပါတယ်။

အခုလို ဘုန်ကြီးကျောင်းတွေကို ရန်သူစခန်းများသဖွယ် ၀ိုင်းရံ ချေမှုန်းနေတဲ့အတွက် သံဃာတော်တွေဟာ ဓမ္မဆိုင်ရာ သင်ကြားမှုတွေ၊ ပွားများ အားထုတ်မှုများ မပြုလုပ်နိုင်ကြတော့ဘဲ အသက်ဘေးအတွက် ထိတ်လန့်တုန်လှုပ်နေရသည့် အခြေအနေတွင် ဆိုက်ရောက်နေပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက အချိန်မှီတားမြစ်ပေးဘို့ အထူးမေတ္တာရပ်ခံ ပန်ကြား အပ်ပါတယ်လို့ ဖေါ်ပြထားပါတယ်။" အခုလို မေတ္တာရပ်ခံ ပန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ရဟန်းတော် အရှင်ဂန္ဘီရကို လျှောက်ထား မေးမြန်းခဲ့ရာမှာ အခုလို မိန့်ကြားခဲ့ပါတယ်။

အရှင်ဂန္ဘီရ ။  ။ နိုင်ငံတွင်းမှာ နေ့စဉ်၊ ညစဉ် ဒီလိုမျိုးအကြမ်းဖက် ၀င်ရောက် စီးနင်းမှုတွေ ရှိနေတယ်။ သံဃာတွေကို ကျောင်းတိုက်တွေထဲ ၀င်ရောက် စီးနင်းမှုတွေရှိတယ်။ အိမ်တွေထဲကို ၀င်ပြီးတော့ အကြမ်းဖက် ၀င်ရောက် စီးနင်းမှုတွေရှိတယ်၊ ဒါတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက် လုပ်နေတာ၊ ပြီးတော့ စည်းမဲ့ကမ်းမဲ့ လုပ်နေတာတွေရှိတယ်။ ဒါတွေကို နိုင်ငံတွင်းမှာ ကာကွယ်ဘို့ ခက်တယ်။ ဘုန်းကြီးကျောင်းတွေမှာ အားကိုးရာမဲ့ ဖြစ်နေတယ်။ ဒါကို ကာကွယ်လို့ရအောင် နိုင်ငံတကာ အားကိုးယူတဲ့ သဘောပါပဲ။

စစ်အစိုးရရဲ့ အကြမ်းဖက်သတ်ဖြတ် နှိမ်နှင်းမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အချိန်မှီတားမြစ်ပေးဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက မေတ္တာရပ်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင် ရဟန်တော် အရှင် ဂန္ဘီရ ကို လျှောက်ထား မေးမြန်းခဲ့တာ ဖြစ်ပါတယ်။