အမေရိကန်သမတကတော် ဝေါလ်စထရိသတင်းစာမှာ မြန်မာ့အရေး ဝေဖန်ရေးသား

၁၀.၁၀.၂၀၀၇- ဒို့မြန်မာ

မြန်မာစစ်အစိုးရဟာ တရားဝင် ကျိုးကြောင်းဆီလျော်မှုတွေ ပျောက်ဆုံးနေပြီိလို့ အမေရိကန် သမတကတော် မစ္စက်လော်ရာ ဘုရှိက အောက်တိုဘာ ၁၀ရက် ဒီကနေ့ထုတ် ကမ္ဘာကျော် Wall Street Journal သတင်းစာမှာ ဆောင်းပါးတပုဒ်ရေးသားပြီး စစ်အစိုးရကို ဝေဖန်လိုက်ပါတယ်။

သမတကတော် မစ္စက် လော်ရာ ဘုရှ်က အပြင်းအထန် ဝေဖန်ထားတဲ့ ဒီဆောင်းပါးမှာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ မိမိ ပြည်သူလူထုကို အကွက်ချ နှိပ်စက်ညှဉ်းပန်းနေတာတွေကို ချက်ချင်းရပ်သင့်ပြီလို့ ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းပါတွေဟာ မိတ်တွေမဲ့နေတဲ့ စစ်အစိုးရပဲဖြစ်ပါတယ်။ ပြည်သူက တရားဝင် အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်ဖို့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ ဘေဖယ်နေသင့်ပါပြီလို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်အောင် နိုင်ငံတကာအနေနဲ့ ၀ိုင်းကူညီလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မစ္စက် ဘုရှ်က အခုလို ဖေါ်ပြရေးသားတာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပဂ္ဂိုလ်က ပြောဆိုပါတယ်။

ဒီကနေ့ ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို နေရာအနှံ့မှာ ချိုးဖောက်မှုတွေကို မနှစ်မျို့ကြတော့ပါဘူး၊ ဒီအခြေအနေတွေကြောင့် စစ်အစိုးရအနေနဲ့က အမြန်ရွေးချယ်ဖို့ လိုနေပါပြီလို့ ရေးသားထားတာပါ။

မြန်မာနိုင်ငံအရေးကိစ္စကို စိတ်ဝင်တစားရှိလှတဲ့ သမတကတော်ကို ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံကိစ္စကို တယ်လီဖုန်းနဲ့ ပြောပြခဲ့အပြီး နောက်တနေ့မှာပဲ အခုလို မစ္စက် ဘုရှ်က သတင်းစာမှာ ဆောင်းပါးရေးသားလာတာ ဖြစ်ပါတယ်။