ဆေးရုံ၊ ဆေးခန်းများတွင် လုံခြုံရေးတင်းကျပ်စွာ ချထား
၁၁.၁၀.၂၀၀၇- ဒို့မြန်မာ
ပြီးခဲ့တဲပ
စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း အာဏာပိုင်တွေရဲ့ အကြမ်းဖက် ရိုက်နှက် ပစ်ခတ်ခဲ့လို့
ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ရန်ကုန် ဆေးရုံကြီးမှာ လက်နက်ကိုင် လုံခြုံရေးတပ်တွေက
စောင့်ကြပ်နေပြီး ဆေးရုံမှာ လူနာ လာကြည့်သူအားလုံးကို နာမည်နဲ့ နေရပ်လိပ်စာနဲ့
အလုပ်အကိုင်တွေ စစ်ဆေးမေးမြန်းတာတွေရှိနေပါတယ်။ တချို့ဆေးရုံတွေမှာ သေနတ်ဒဏ်ရာ၊
ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ဆေးလာကုသူတွေရှိရင် ဆေးရုံ တာဝန်ရှိသူတွေက
အာဏာပိုင်တွေကို အကြောင်းကြားပေးရတယ်လို့လည်း သိရပါတယ်။
ဆန္ဒပြစဉ် ရိုက်နှက်ခံရတွေကို လောလောဆယ် ရန်ကုန်ဆေးရုံကြီး တတိယထပ် လူနာဆောင် အမှတ် ၅၊ ၆၊ ၇၊ ၈ တို့မှာ ဆေးကုသပေးနေပါတယ်။ အဲဒီလူနာဆောင်တွေကို ၀င်မယ်ဆိုရင် အခန်းဝမှာ စောင့်နေတဲ့ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တယောက်ကို စာရင်းပေးရတယ်လို့ လူနာ သွားကြည့်ခဲ့ သူတယောက်က ပြောပါတယ်။
ဆေးရုံကြီး အောက်ထပ်မှာလည်း လက်နက်ကိုင် လုံခြုံရေးရဲတွေရှိသလို အရေးပေါ် ဌာနမှာလည်း အရပ်ဝတ် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ထိုင်စောင့်တာကို တွေ့ရတယ်လို့ ရန်ကုန်ဆေးရုံကြီးကို လူနာသွားကြည့်ခဲ့သူက ပြောပါတယ်။ ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံမှာလည်း အလားတူ လုံခြုံရေး ချထားတာ ရှိသလို ဘယ်လိုဒဏ်ရာအမျိုးအစားနဲ့ လာရောက် ဆေးကုသသူ ရှိတယ်ဆိုတာကိုလည်း ဆေးရုံဝန်ထမ်းတွေက မှတ်တမ်းယူပြီး အာဏာပိုင်တွေကို တင်ပြရတယ်လို့သိရပါတယ်။