မြ၀တီမြို့တွင် ဗုံးပေါက်ကွဲ၍ လူတစ်ဦးဒဏ်ရာရ

၁၂.၁၀.၂၀၀၇- ဒို့မြန်မာ

ယနေ့ မွန်းလွဲ(၃)နာရီခွဲခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် (၁) ရပ်ကွက် ချစ်ကြည်ရေး တံတားအနီးရှိ မွန်ပြည်သစ်ပါတီ မြ၀တီစီးပွားရေးတာဝန်ခံ နိုင်မြင့်အောင် ပိုင်ဆိုင်သည့် ရွှေပြည်စံရာ တည်းခိုခန်း၌ ဗုံးပေါက်ကွဲသည်။

မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက "အသေအပျောက် ဘယ်လိုရှိလဲဆိုတာ လောလောဆယိ မသိရသေးဘူး။ အဲဒီတည်းခိုခန်းကို အာဏာပိုင်တွေက ၀ိုင်းထားပြီး အနားကို ဘယ်သူမှပေးမသွားဘူး။ ဒီလောက်အသံကျယ်တဲ့ဗုံးဟာ အနည်းနဲ့အများတော့ ထိခိုက်မှာပဲ" ပြောပြသည်။

မြ၀တီမြို့မှ ကုန်သည်တစ်ဦးက "ဒီတည်းခိုခန်းက လေးထပ်ရှိတယ်။ ပထမအထပ်မှာရှိတဲ့ လူမနေတဲ့ အခန်းတခုမှာ ပေါက်ကွဲတာဖြစ်တယ်။ လောလောဆယ်တော့ လူတစ်ဦးဒဏ်ရာရတာရှိတယ်။" ဟုပြောပြသည်။

လက်ရှိအခြေအနေအရ မြ၀တီမြို့တွင် လုံခြုံရေး တိုးမြင့်ချထားသော်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်။

မြ၀တီမြို့မှ သံဃာတော်တစ်ပါးက "ဘုန်ကြီးတော့ ဒီကိစ္စကို နိုင်ငံရေးမကင်းဘူး လို့ထင်တယ်။ လက်ရှိမြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး နအဖရဲ့ လုပ်ရပ်ကို မထောက်ခံတဲ့အကြောင်း အတိအလင်းပြောကြားခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ သူ့ရဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကို ပြဿနာလုပ်ဖို့ ရမယ်ရှာတာပဲလို့ ထင်တယ်" ဟု မိန့်ကြားသည်။

မြ၀တီမြို့တွင် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများရှိခဲ့ပြီး တရားခံများအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မြန်မာစစ်အစိုးရက မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲလေ့ရှိသည်။