လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရနိုင်ငံခြားရေး ၀န်ကြီး ကြိုဆို
၁၃.၁၀.၂၀၀၇- ဒို့မြန်မာ
ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ပထမဦးဆုံးအကြိမ်
ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း
ဗြိတိသျှအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေအနေနဲ့ အထူးဝမ်းသာအားရ ကြိုဆိုကြောင်း၊ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွှတ်တည်း ထောက်ခံမှုနဲ့ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်တဲ့အပြင် ကမ္ဘာ့နိုင်ငံရေးမှာ အထူးအရေးပါတဲ့ ဆောင်ရွက်ချက်တရပ်အဖြစ် ဖေါ်ညွှန်းပြသရာလည်း ရောက်ကြောင်း ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဒေးဗစ် မီလီဘန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အာဏာပိုင်တွေရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ဆက်လက်ပြီး ဖီနှိပ် အရေးယူမှုတွေအပေါ် ဒီကြေညာချက်က သက်သေထူ လိုက်တာဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ် ပိုမိုကောင်းမွန် သာယာရေးအတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ အင်တိုက်အားတိုက် တိုက်တွန်းမှုတွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း ရေးသားထားပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေကို အကြမ်းနည်းနဲ့ ဖြိုခွင်းခဲ့တဲ့ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် အလွန်အမင်း ၀မ်းနည်းစိတ်မကောင်း ဖြစ်ရတယ်ဆိုတာကိုလည်း ဒီကြေညာချက်ထဲမှာ ဖေါ်ပြထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံပြီး ကလသမဂ္ဂ အဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်သွားဖို့ကိုလည်း မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ်မှာလည်း ထောက်ခံမှုရှိကြောင်း စသဖြင့်လည်း အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါရှိပါတယ်။