နအဖ ၏ ဖမ်းဆီးသတ်ဖြတ်နေမှုအား အမြန်ဆုံးရပ်ရန် အမေရိကားနိုင်ငံ
မင်နီဆိုးတားပြည်နယ်(Minnesota) တွင် တောင်းဆို ဆန္ဒပြ

ကျော်ထွန်း၊ ၁၃ အောက်တိုဘာ ၂၀၀၇
ဓာတ်ပုံ- ကိုချစ်ဝင်း(Minnesota)

မြန်မာနိုင်ငံတွင်း၌ နအဖ ၏ မတရားရိုက်နှက်၊ ရက်စက်သတ်ဖြတ်နေမှုများ အမြန်ဆုံးရပ်ရန်အတွက် ဆန့်ကျင် ဆန္ဒပြသည့် အခန်းအနားတရပ်ကို တိုင်းရင်းသား လူမျိုးစု ပေါင်းစုံမှ ကြီးမှူး၍ အမေရိကားနိုင်ငံ မင်နီဆိုးတားပြည်နယ်၊ စိန်ပေါ(St. Paul) တွင် အောက်တိုဘာလ ၁၃ ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ဒို့မြန်မာမှ သတင်း ရရှိသည်။

မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ အဲဒီ ဆန္ဒပြပွဲကို ကရင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ချင်း၊ ကချင်၊ ပအို့ အပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် အမေရိကားရောက် ၈၈ မျိုးဆက်ကျောင်းသားများ၊ အမေရိကန်တက္ကသိုလ် ကောလိပ် ကျောင်းသူ ကျောင်းသားများ အင်အား ၃၀၀ ခန့် တက်ရောက် ခဲ့ကြတယ်လို့ စည်းရုံးရေးမှူး ကိုကောင်းစံက "ဒို့မြန်မာ" သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး "အခုဆိုရင် မြန်မာပြည်မှာ ဖမ်းဆီးညှင်းပမ်း၊ ရက်စက် သတ်ဖြတ်မှုတွေဟာ မင်းမဲ့ဇရိုက်ဆန်လာပြီး ရ၀တ က အစ၊ ကြံ့ဖွံ့ ဆိုတဲ့ လူမျိုးတွေကပါ အကုန်လုံးက ဘုန်းကြီး၊ ကျောင်းသားနဲ့ ပြည်သူတွေကို နှိပ်ကွပ်နေတာကို နအဖ ကိုယ်တိုင် လုပ်ခွင့်ပေးထားတယ်ဗျ" ဟု ထောက်ပြပြောဆိုသည်။

ဆက်လက်ပြီး ကိုကောင်းစံက "စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာသည်အထိ ပြည်တွင်းအင်အားစု တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာဖိအားတွေ ပိုမိုပြီး ရရှိလာဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း" ဒို့မြန်မာသို့ ပြောကြားသည်။

အခန်းအနားကျင်းပရာ နေရာမှာရောက်ရှိနေတဲ့ ကိုမောရစ် ကလည်း "အခု ကျနော်တို့ State Capital ရဲ့ရှေ့မှာ ရောက်ရှိနေကြပါတယ်။ Free Aung San Suu Kyi, Free Burma, No more killing in Burma, Stop killing စတဲ့ ပိုစတာတွေ အများကြီးဘဲ ကိုင်ထားကြတယ်။ တောင်းဆိုချက်တွေကို အသံခဲ့စက်နဲ့ တိုင်ပေးနေပါတယ်" အစချီပြောကြားရင်း ဆက်လက်ပြောကြားခဲ့တာကတော့ " ပြည်တွင်းရော၊ အခြားနေရာ တိုင်းပြည်မှာရှနေကြတဲ့ လူများရော မနားမနေ ဆက်လုပ်သွားကြဖို့၊ ကျနောတို့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပါတယ်" လို့ ဒို့မြန်မာသို့ ပြောကြားသည်။

အခန်းအနားအား
      - ရဟန်း၊ သံဃာများ သတ်ဖြတ်နေသော သန်းရွှေအစိုးရ အလိုမရှိ။
      - ကျောင်းသား ပြည်သူလူထုအား သတ်ဖြတ်နှိပ်စက်နေသော သန်းရွှေအစိုးရ အလိုမရှိ။
      - ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုတို့အား သတ်ဖြတ်ညှင်းပန်း နှိပ်စက်နေသော သန်းရွှေအစိုးရ အလိုမရှိ။
      - ဒေါ်အောင်ဆန်စုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်သားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး။
        စသည့်ကြွေးကြော်သံများအား အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်၍ အခန်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။