နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် အားလုံးပါဝင်နိုင်ရေး အမေရိကန်ပြောကြား

၂၉.၀၂.၂၀၀၈
ထိုင်းနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရစ်တိုဖာဟေးလ်က စစ်အစိုးရအနေနဲ့ အတိုက်အခံအုပ်စုနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ တိုးတက်မှုတွေ စတင်ရရှိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါ့ပြင် မနှစ်က စက်တင်ဘာလက ဆန္ဒပြခဲ့သူတွေကို စစ်အစိုးရက ပြင်းပြင်းထန်ထန် အကြမ်းဖက်နှိမ်းနင်းခဲ့မှုအပေါ် မစ္စတာဟေးလ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ပြည်သူတွေကို ဖိနှိပ်ပိတ်ပင်ထားမှုကြောင့် မြန်မာနိုင်ငံဟာ တည်နေရာအရွယ်အစားအားဖြင့် မဟာဗျူဟာကျကျ အရေးပါတဲ့နိုင်ငံဖြစ်ပေမဲ့ အထီးကျန်တဲ့နိုင်ငံ၊ ချွတ်ခြုံကျတဲ့နိုင်ငံဖြစ်နေရကြောင်း သူက ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်သမတ မစ္စတာ ဂျော့ဒဗလျူ ဘုရှ်က တရုတ်ပြည်မှာ ကျင်းပမဲ့ ဘေဂျင်းအိုလံပစ်ပွဲတော်ကို အားကစားပွဲကြည့် အပျော် ခရီးစဉ်တရပ်အနေနဲ့ တက်ရောက်မှာဖြစ်ပေမဲပလည်း မြန်မာနဲ့ ဆူဒန်တို့လို လူ့အခွင့်အရေါ်ချိုးဖောက်နေတဲ့ နိုင်ငံတွေအပေါ် တရုတ်အစိုးရက မတွန့်မဆုတ် ဖိအားပေးသွားရေးကိစ္စကိုတော့ အလေးထားပြီး တိုက်တွန်းပြောဆိုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြဌာန်းလိုက်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ဥပဒေဟာ ပြည်သူတွေကို ဆက်လက်ပြီး ခြောက်လှန့်ထားတာ၊ ကြောက်ရွံ့စိတ်တွေ ဆက်ရှိနေအောင်လုပ်ထားတာ ဖြစ်တဲ့အကြောင်း အမေရကန်သမတ အိမ်ဖြူတော်ကလည်း ဖေဖေါ်ဝါရီလ (၂၈ ) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေဟာ သံဃာတော်တွေ၊ မယ်သီလရင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဆန္ဒမဲ့ပေးခွင့် ငြင်းပယ်ထားတဲ့အပြင်၊ စစ်အစိုးရဟာ ပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်ကွပ်မှုတွေ ဆက်လုပ်နေဆဲပဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အများက ယုံကြည်ရလောက်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်မယ်ဆိုရင် အဖွဲ့အစည်းအားလုံး ပါဝင်ရမှာဖြစ်သလို ပွင့်လင်းမြင်သာမှုလည်း ရှိရမှာဖြစ်ကြောင်း စသဖြင့် ဒီကြောညာချက်မှာ ဖေါ်ပြထားပါတယ်။